Monday, September 22, 2008

နေဘုန်းလတ်ကို အားနာခြင်း

ကျွန်တော် နေဘုန်းလတ်လုပ်ထားတဲ့ အလင်းနဲ့ရေးတဲ့ပန်းချီမှာ ဓာတ်ပုံလေးတွေတင်တယ်.. အဲလိုတင်ရင်းနဲ့
နေဘုန်းလတ်ရဲ့ ရည်ရွယ်ချက်က ပျောက်လာတယ်.. သူက နိုင်ငံခြားသားတွေကို မြန်မာ့ အလှ သုခုမ အနုပညာကို အလင်းနဲ့ရေးတဲ့ပန်းချီက တဆင့် ရှင်းပြချင်တယ်..ဒါကြောင့် ပိုစ့်တွေမှာ အင်္ဂလိပ်လို လှလှပပလေးတွေဘာသာပြန်ပြီး တင်ထားတယ်..

နေဘုန်းလတ် အဖမ်းခံရတော့ ကျွန်တော်က သူ့ဘလောက်ကို ပုံလေးတွေဆက်တင်တယ်.. ဒါပေမယ့် ကျွန်တော်က မြန်မာပြည်တွင်းမှာ မဟုတ်ဘဲ စင်္ကာပူကျွန်းနိုင်ငံကို ရောက်နေခဲ့တယ်.. အလည်ပြန်တုန်းက ပုံလေးတွေတင်လို့ အပြီး ကျွန်တော်မှာ မြန်မာရနံ့သင်းပျံ့တဲ့ ပုံတွေရှားလာတယ်.. နောက်တော့ ပိုစ့် အသစ်တင်ဖို့ ဓာတ်ပုံရိုက်ထွက်ရာကနေ စင်္ကာပူမှ ပုံတွေများလာခဲ့တယ်..

ပုံလေးတွေနဲ့တွဲဖက်ပြီး ခံစားရတဲ့ အတွေးလေးတွေကို တင်ပြခဲ့တယ်.. ဒါပေမယ့် “တစ်ဆယ်တန်ပြပွဲ” ဆိုတဲ့ ပိုစ့်တင်အပြီးမှာ ကျွန်တော် သူ့ကို အားနာလာတယ်.. ကျွန်တော်တင်တဲ့ပုံတွေက “အလင်းနဲ့ရေးတဲ့ ပန်းချီ” ဆိုတဲ့စာသားနဲ့ မကိုက်ညီဘူးလို့ ခံစားလာရတယ်...

အဲဒါနဲ့ ကျွန်တော်အမည်နဲ့ Blog တစ်ခုကို တည်ဆောက်မိတယ်...


ဘလောက်နဲ့ အင်တာနက်ထဲကို တော်တော်နဲ့ ကျွန်တော်မ၀င်ဖြစ်ပါဘူး.. ကျွန်တော့်ကိုယ်တိုင်လည်း ဘလောက်ဂါတစ်ယောက်လို့ မခံယူပါဘူး.. ဒါပေမယ့် နေဘုန်းလတ်ရဲ့ လွတ်ကျတဲ့မြို့တော်၊ အလင်းနဲ့ရေးတဲ့ပန်းချီ၊ နေဘုန်းလတ်လွတ်မြောက်ဖို့အတွက် ရည်ရွယ်ထားတဲ့ freenpl တို့ရဲ့ cbox မှာ လူတစ်ယောက်(သို့) လူတစ်စုက ဆဲရေးသည့်စာသားများကို ရေးသားခဲ့တယ်...

ပထမတော့ အဲဒီစာသားတွေကို cbox က အောက်ကို ရောက်သွားအောင် ကျွန်တော် ကဗျာစာသားလေးများကို တစ်ကြောင်းချင်းစီ ရေးသားခဲ့ပါတယ်...ဒါပေမယ့် သူတို့တွေရဲ့ အပ်ကြောင်းထပ်နေတဲ့ ဆဲရေးစာသားတွေဟာ ရပ်မသွားပါဘူး...အဲဒီ ဆက်တိုက်ပေါ်လာတဲ့ စာသားတွေက ကျွန်တော်ကို ဘလောက်ရေးဖို့ တွန်းအားပေးတဲ့ အချက်ပါ..

ဒါကြောင့်ဒီဘလောက်ဖြစ်လာစေတဲ့“မင်္ဂလာပါ၊မင်းအဖေ၊ပြည်သူ့အသံ”တို့ကိုကျေးဇူးတင်ပါကြောင်း
ပြောချင်ပါတယ်..

No comments: