Sunday, February 28, 2010

Forgiveness

You never get ahead of anyone, as long as you try to get even with them. Hard Feelings are often harder on those who will not forgive.

Forgiveness is not a sign of weakness,but profound emotional strength.

ငါးကန်ကို ရေဆေးခြင်း

ငါးကန်..

ကျွန်တော်ပင်ကိုယ်က တိရိစ္ဆာန်တွေကို မွေးမြူတာကို မကြိုက်ပါ.. ခွေးလေးတွေ ချစ်လိုက်တာလို့လဲ မမြင်မိပါ..ကြောင်လေးတွေ ချစ်စရာလို့လဲ မထင်မိပေ.. သို့သော် ကျွန်တော်ကြာရှည်စွာနေခဲ့သည့် မန္တလေးအိမ်နှင့် ရန်ကုန်အိမ်တွင် ကြောင်နဲ့ ခွေး ကရှိနေသည်။ ငါးအလှမွေးသည်ကိုတော့ စင်္ကာပူရှိအိမ်မှ သူငယ်ချင်းများမွေးသည်နှင့် ဆုံခဲ့ဖူးသည်။ အခုလည်း အိမ်တွင် ငါးကန်သုံးကန်ရှိသည်။ သို့သော် ငါး သုံးကောင်သာရှိသောကြောင့် တစ်ကန်ထဲတွင်ပေါင်းထည့်ကာ ကျန်နှစ်ကန်ကို ပစ္စည်းတိုလီမိုလီများဖြည့်ထားသည်။


ရွှေငါးကတော့ ၀ ၀ တုတ်တုတ်.. ပါးစပ်ပြဲပြဲ.. မျက်လုံးပြူးပြူး.. တချိန်လုံး အစာတောင်းနေတဲ့ ပုံစံ...

ဆိုတေး ကတော့ အကောင်သေးသေး ခပ်သွက်သွက်..

အိမ်ဂျယ် တစ်ကောင်ကတော့ အိနြေ္ဒရသည်..

အရင်က Arowana လို့ခေါ်သည့် အကြေးခွံတစ်လက်လက်နှင့် ငါးပေါက်တစ်ကောင်ရှိသည်။ အဲဒီငါးက လမ်းလျှောက်တာကိုက ရှည်မျောမျော.. အသားစိမ်းငါးစိမ်းလဲ ကြိုက်သည်။ အစာချပေးလိုက် လျင် လျှင်မြန်သည့် အရှိန်အဟုတ်ဖြင့် ဟပ်လိုက်သည်..။ အဲဒီငါးက မနက်ခင်းတစ်ခုမှာ ကြမ်းပြင်ပေါ်ရောက်နေသည်.. သေသွားပြီပေါ့..။

လူတွေက ကြံရင်းသေ..
ငှက်တွေက ပျံရင်းသေ..
ငါးတွေကတော့ .. ရေကူးရင်း ရေနစ်နေပြီဆိုရင်.. အဲဒီကောင် မကြာတော့ဘူးပဲ..။

ငါးကန်က ညစ်ပတ်နေသည်။ လွန်ခဲ့သည့် နှစ်လက ကျွန်တော်နှင့် ပူတူးမ ဆေးခဲ့သည့်ပုံစံအတိုင်း.. အဲဒီတုန်းက ငါး ငါးကောင်ရှိသေးသည်။ အခု သုံးကောင်ပဲကျန်တော့သည်။ ချေးညော်အထပ်ထပ်တို့ နှင့် မှောင်မိုက်နေသည်။ ဒီနေ့တော့ ကျွန်တော် အပြင်မထွက်ခင် ငါးကန်ဆေးမိသည်။ ရေတွေသန့်စင်သွားသည်။ ကျွန်တော့်စိတ်လဲ အနည်းငယ်သန့်စင်သွားသည်။

ကိုယ့်ကိုယ်ကို လုပ်စရာတစ်ခုခု ပေးထားရင်း နှင့်ပင် စိတ်သက်သာရာရှာမိသည်။ အနည်းဆုံးတော့ ငါးကန် သန့်ရှင်းသွားတာ အကျိုးရှိပါသည်။

Saturday, February 27, 2010

တောင်းပန်ခြင်း အခမ်းအနား

အခန်းတစ်ခု အတွင်း တွင် ခုံပေါင်းများစွာ ရှိနေသည်။ သို့သော် ကျွန်တော် တစ်ယောက်တည်းထိုင်နေသည်။ ဟိုဟိုသည်သည် မျက်စိကစားမိတော့ ခုံပေါင်း တစ်ရာလောက်ရှိမည်ဟုထင်သည်။ အခန်း၏ ရှေ့ဆုံးတွင် စတိတ်စင် တစ်ခုရှိနေသည်။ ထိုစင်ပေါ်တွင် စကားပြောသော မိုက်တစ်လုံးနှင့် ဆက်တီတစ်ခုံတည်ရှိလေသည်။ ထိုဆက်တီ၏ နောက်တွင် မှိုင်းညို့ညို့ စာတမ်းများ နှင့် အဖြူရောင်နောက်ခံ ပိတ်ကားတစ်ခု ချိတ်ဆွဲထားသည်။ ထိုစာတမ်းမျာကို ကျွန်တောဖတ်ကြည့်လိုက်တော့ “ ကျွန်တော် တောင်းပန်ပါတယ်ဗျာ” ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်ဘာသာစကားနဲ့ ရေးထားသည်။

“ဘယ်သူက ဘယ်သူ့ကို တောင်းပန်တာလဲ” လို့ ကျွန်တော်စဉ်းစားမိသည်။ ခုံပေါင်းများစွာ ထားရှိနေသည့်အတွက် ထိုတောင်းပန်မည့်သူက လူအတော်များများကို တောင်းပန်ရမည်လား၊ တောင်းပန်မည့်သူရဲ့ အသိုင်းအ၀ိုင်းကို ရှာရှာပေါက်ပေါက်စဉ်းစားနေမိသည်။ စကားပြောစရာ အဖော်၊ မေးစရာသူဆို၍ တစ်ဦးတစ်လေမှ ဘေးမှ ရှိမနေခြင်းကြောင့် ကျွန်တော်တစ်ယောက်တည်းတွေးတောနေရလေသည်။

အသံ... ခြေသံ...ရှူးဖိနပ် နှင့် ကြမ်းပြင် ထိရိုက်သံ တို့ကြောင့် လူတစ်ယောက် ရောက်လာသည်ဟု သိလိုက်သည်။ ဟုတ်သည် တစ်ယောက်ပဲဖြစ်ရမည်။ အုပ်စုနဲ့ လူအများဆိုလျှင် စကားပြောသံတွေ ကြားရမည်။ အခု ဟာက တစ်ယောက်တည်း လမ်းလျှောက်လာသည့် အသံ.. လေးတွဲ့သည့် ခြေသံက ကျွန်တော်ထိုင်နေသည့် နေရာကို ကျော်တက်သွားသည်။ ကျွန်တော်က ရှေ့ဆုံး တတိယမြောက်လိုင်းမှာထိုင်နေတော့ ဒီလူ သတင်းထောက်တစ်ယောက်လားလို့ ထင်မိသည်။ များသောအားဖြင့် သတင်းသမားတွေက ရှေ့ဆုံးမှာ နေရာရတတ်သည် ကိုး..။

သို့သော် ထိုသူသည် စင်မြင့်ပေါ်သို့ တက်သွားသည်။ ဆက်တီပေါ်သို့ ထိုင်ချလိုက်သည်။ မိုက်ကို လက်နှင့် တစ်ချက်နှစ်ချက် ပုပ်ကာ အသံစမ်းလိုက်သည်။ ညှိုးငယ်နေသော သူမျက်နှာကို စင်မြင့်ပေါ်ရှိ ဆလိုက်မီးအရှိန်နှင့် မြင်လိုက်ရသည်။ သူက လည်ချောင်းကို တစ်ချက်ရှင်းကာ ဖြေညှင်းစွာ နှင့် ထိုသူ၏ နှုတ်ခမ်းမှ စကားစ တစ်ခု လွင့်ကျလာသည်။

“ ပထမဦးစွာ ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်”
.....
.....
.....

အခန်းတစ်ခုလုံးတိတ်ဆိတ်ကာ ထိုသူ၏ တောင်းပန်စကားကို နားဆင်နေသည်။ တကယ်တော့ တစ်ခန်းလုံးတွင် သက်ရှိလူသားဆို၍ ကျွန်တော် တစ်ယောက်သာ ရှိလေသည်။

“ ကျွန်တော် လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ သူများ အားလုံးကို တောင်းပန်ပါတယ်..။ အမေ.. အဖေ.. ညီ ညီမတွေ.. မိတ်ဆွေတွေ.. ကျွန်တော်လဲကျနေချိန်မှာ ဘယ်အချိန်မှာဖြစ်ဖြစ် ကျွန်တော်ဘေးမှာ စိတ်ဓာတ် အားပေးတဲ့သူတွေ ထိုသူတွေနဲ့သက်ဆိုင်တဲ့သူတွေ.. အားလုံးကို တောင်းပန်ပါတယ်..။ ကျွန်တော်ကြောင့် အဓိက စိတ်ဒဏ်ရာရခဲ့တဲ့ ကျွန်တော်ကို သိပ်ချစ်တဲ့ ကျွန်တော့်ရည်းစားကိုလည်း တောင်းပန်ပါတယ်..။ ”

“ကျွန်တော်က အမှားတွေ များစွာလုပ်ခဲ့တယ်..။ ကိုယ့်ဆန္ဒ အာရုံခံစားမှုနောက်ကို လိုက်ပြီး လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး ကိုယ်စိတ်ကျေနပ် သာယာမှုကိုရှာဖွေခဲ့တယ်..။ ကျွန်တော့်ရဲ့ မိုက်မဲတဲ့ အဲဒီလုပ်ရပ်ကြောင့် သမီးရည်းစားတွေ ပြဿနာတက်ခဲ့ရတယ်.. အမျိုးသမီးတွေ မျက်နှာပျက်ခဲ့ရတယ်.. ဘ၀တွေ ရည်မှန်းချက်တွေ ပျက်ခဲ့ရတယ်.. အဲဒီသူတွေကို အနူးအညွှတ် တောင်းပန်ပါတယ်.. ကျွန်တော်ရဲ့တောင်းပန်မှုတွေက အတိတ်ကို ပြန်လည် မပြုပြင်နိုင်ပေမယ့် အနာဂတ်အတွက် လှပမှုတွေနဲ့ တွေ့ကြုံပါစေလို့ ဆုတောင်းပါတယ်”

ထိုသူ၏ တောင်းပန်သံ စကားတို့ကို နားထောင်ရင်း ကျွန်တော် ထိုသူ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားနေမိတယ်..။ အမေရိကန်သမ္မတဟောင်း ကလင်တန်လောက်လဲ အရပ်မမြင့်သလို ခေါင်းလဲ မဖြူဘူး..။ ဟောင်ကောင်မင်းသား အက်ဒီဆင် ချန် လောက်လဲ လူအောင်မသေး.. လက်ပြင်မကိုင်းဘူး.. ။ အမေရိကန် ဂေါ့ဖ် ကစားသမား တိုက်ဂါး ၀ု ဖ် လောက်လဲ အသားမညို သွားမခေါပေ..။ ထိုသူ ဘယ်သူလဲ..။

“ကျွန်တော်ဟာ ယောက်ျားတစ်ယောက် ထိန်းသင့်တဲ့ ကျင့်ဝတ်တွေကို စိတ်ကွယ်ရာ ရော မျက်မြင်မှာပါ ကျူးလွန်ခဲ့တယ်..ကျွန်တော် အမှားကြီး မှားတယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အရာရာဟာ နောက်ကျခဲ့ပါပြီ.. ဒါပေမယ့် အမှန်ကို သိတဲ့အချိန်ဟာ ဘယ်အချိန်မှ မနောက်ကျဘူးဆိုတဲ့စကားအရ ကျွန်တော် အရာရာကို ပြုပြင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။ ကျွန်တော်တို့ဟာ ဘ၀ရှင်သန်ဖို့အတွက် ရှေ့ဆက်ရမယ်..။ အမှားတွေ အများကြီးမှားခဲ့လို့ သင်ခန်းစာတွေ အများကြီးရခဲ့တယ်..။ ကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ဒီနေ့ ဒီနေရာမှာ နောက်ဆုံးမြုပ်နှံခွင့်ပေးပါ..။ နောက်လာမယ့် ကျွန်တော့် ညီငယ်တွေ အတွက်လည်း ကျွန်တော့်လို အမှားမျိုး မကျူးလွန်ခင် ကျွန်တော်အဖြစ်ကို သတိရကြပါလို့ ပြောချင်ပါတယ်..”

“ကျွန်တော် နောက်ဆုံးအနေနဲ့ ထပ်ပြောပါရစေ.. ကျွန်တော် တောင်းပန်ပါတယ်..”

လက်ခုပ်သံတွေထွက်ပေါ်လာရမည် မဟုတ်လား.. ။ ကင်မရာ တဖျပ်ဖျပ် ရိုက်ချက်တွေ ပေါ်လာရမည် မလား..။ မဟုတ်ပါ..။ အသံတစ်ချက်မျှ မထွက်ပါ.. လူတစ်ယောက်မှ မရှိတာပဲလေ..။ ကျွန်တော် ထရပ်လိုက်သည်..။ ထိုသူရှိရာ စင်မြင့်ပေါ်သို့ တက်သွားမိသည်..။

ရှိုက်သံ.. ထိုသူဆီမှ ရှိုက်သံတစ်ချက် ဆောင့်တက်လာသည်..။

ကျွန်တော် သူ့ပခုံးကို ကိုင်ကာ “ ၀မ်းနည်းပါတယ်ဗျာ.. ကျွန်တော်လဲ ခင်ဗျားနဲ့ ထပ်တူ ခံစားရပါတယ်လို့” ပြောလိုက်တဲ့ အချိန်မှာ အဲဒီသူရဲ့ မျက်လုံးတစ်စုံက ကျွန်တော့်ဆီကို စူးစူးစိုက်စိုက်ကြည့်လို့.. ကျွန်တော်ခန္ဓာကိုယ့် ကျုံ့ ကျုံ့ ၀င်သွားကာ.. အငွေ့ အဖြစ်ပြောင်းလဲသွားသည်..။ ကျွန်တော့် အငွေ့တွေကို ထိုသူက ရှူသွင်းလိုက်လေသည်။

အခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်..။ ခုံပေါင်းများစွာ ရှိပေမယ့် ပရိတ်သတ်တစ်ယောက်မှ မရှိပေ..။
ကျွန်တော်သည် ခန်မ၏ စင်မြင့်ထက်တွင် ရပ်နေမိသည်.. မျက်ရည်စတွေ ကျွန်တော့်ပါးပြင်တွင် ရှိသည်.. ဘယ်အချိန်က ရှိုက်ခဲ့သလဲ မသိတော့....။


နဂိုရှိလို့ နကိုင်းထွက်ခြင်း ။

တကယ့်အမှန်က နကိုင်းထွက်တာမဟုတ်ပါဘူး.. နဂိုင်းထွက်တာပါ.. နဂို ဆိုတဲ့စလုံးမှာ ငသတ်နဲ့ ၀စ္စနှစ်လုံး “င်း” ပေါင်းထည့်တော့မှ နဂိုင်းဆိုတာ ထွက်လာတာပါ.. နကိုင်းကတော့ မထွက်လာနိုင်ပါဘူး.. အသံထွက်အရသာ ခပ်ဆင်ဆင်ဖြစ်နေတာပါ..။

အဲလိုပါပဲ (“၀” မရှိပဲ ၀ိ လုပ်လို့ မရဘူး) ဆိုတဲ့ စကားပုံကို သုညရှိလည်း လုပ်လို့ရတာပေါ့လို့ နောက်ပြောင်ခဲ့ဘူးပါတယ်..အင်္ဂလိပ် အက္ခရာ 8 ရှိရင် ရတာပဲလို့ လဲ စနောက်ကြတယ်.. တကယ်က ၀လုံးမရှိရင် ၀ိဆိုတာ အသံထွက်လို့မရပါဘူး.. အမြင်အရကတော့ ဟုတ်ပါတယ်.. ။

“လူညီရင် ဤ ကို ကျွဲ ဖြစ်တယ်” ဆိုတာလည်း အမှန်က “လူညီရင် ဤကို ကျွဲဖတ်တယ်” ပါ။ တစ်ခုခုကို အားလုံးပေါင်းမိရင် ညှိယူလို့ရတယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ခပ်ဆင်ဆင်တူနေတဲ့ ဤ ကတော့ ကျွဲမဖြစ်သွားပါဘူး..။ ငယ်ငယ်က ဒီစကားပုံကို ပြင်ဦးလွင်အတက် ကားပေါ်မှာ ငြင်းခုန်ကြတယ်..။ အမှားကြီးကို သိပြီးငြင်းခုန်ကြတယ်..။ နောက်မှ ဘေးက လူတစ်ယောက်က စကားပုံအမှန်က “လူညီရင် ဤကို ကျွဲဖတ်တယ်” လို့ ပြောတော့မှ ကျွန်တော်တို့တွေ အငြင်းရပ်တော့တယ်..။ ဒါတောင် လူညီရင် ဧရာ ကျွဲဖြစ်တယ် လို့ ကျွန်တော်တို့ စကြတယ်..။

အခုတော့ ဧရာက လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ဆုံးသွားပြီ။ နေမျိုးက ထောင် အနှစ် ၂၀။ သူရ က သေဘာၤေပၚမွာ ။ ကျော်မင်းကိုက ခြေထောက် အက်ဆီးဒင့် ဖြစ်လို့ သဘောင်္မလိုက်နိုင်တော့ဘူး ။ စည်သူ နဲ့ ညီညီကတော့ ကျွန်တော်နဲ့ တွဲနေတုန်းပါ။

Friday, February 26, 2010

အိမ်ကို လွမ်းတယ်..

အိမ်ကို လွမ်းတယ်ဗျာ.. အမှားတွေ အများကြီးလုပ်တဲ့ ကျွန်တော် အလွဲတွေနဲ့ပဲ ဆက်တိုက်ရင်ဆိုင်နေရတယ်.. စိတ်ဓာတ်တွေကျကျလာတယ်.. ဆရာအောင်သင်းပြောတဲ့ ပြန်ကောက်ဖို့ ကြိုးစားအားယူပါတယ်.. ဒါပေမယ့် မအောင်မြင်သေးဘူး..။ အဖေ၊ အမေ ကို တမ်းတမိတယ်.. ငယ်ငယ်ကလိုပဲ အမေ့ရင်ခွင်ထဲကို ခေါင်းဝှေ့ပြီးနေချင်တယ်..။ ငယ်ငယ်ကတည်းက သိပ်ဆုံးမစရာမလိုတဲ့ ကျွန်တော်က ဘာလို့ ဒီလို အမှားတွေကို ထပ်ခါတလဲလဲ ကျူးလွန်နေရတာလဲ ကိုယ့်ကိုကိုယ်လဲမသိတော့ဘူး.. လမ်းပျောက်နေတယ်..။ အင်တာနက်မှာ မြန်မာသံစဉ်တွေ နားထောင်မိတယ်.. ဘယ်ပန်းချီရေးလို့ မမှီ ကို နားထောင်မိတော့ အဖေနဲ့ အမေကို သတိရမိတယ်.. ဖုံးဆက်ပေမယ့်.. ဖုံးက အဆင်မပြေလို့ ဆက်လို့မရဘူး.. ဒီနေ့တစ်ခေါက်ထပ်ဆက်ကြည့်ရမယ်...။

Thursday, February 25, 2010

စာရေးချင်နေတယ်ဗျာ.. အန်ချချင်လွန်းလို့...

ဒီဘလောက်ကို စပြီးတော့ ပိုစ့်တစ်ခုပဲတင်ဖြစ်တယ်.. ၂၀၀၈ က..
အခု ၂၀၁၀..
၂၀၀၉ တစ်နှစ်လုံး လဲ ဘာမှ မတင်ဖြစ်ဘူး..

၂၀၀၉ အကုန် ၂၀၁၀ အကူး ကနေ အခုအချိန်ထိ ကျွန်တော်ဘ၀မှာ အပြောင်းအလဲတွေ သိပ်များတယ်..မထင်မှတ်တာတွေ မမျှော်လင့်တာတွေ ကြုံရတော့ ဘ၀မှာ ဆက်လက်ရှင်သန်ဖို့ရာတောင် မနည်းရုန်းကန်နေရတယ်.. ကံကြမ္မာဆိုးက ကျွန်တော့် ဘေးမှာအတူရပ်ပြီး ကူညီပေးတဲ့သူတွေကိုပါ ကူးစက်ကုန်တော့တယ်.. မွေးနေ့ကျော်ရင် အားလုံးကောင်းမှာပါဆိုတဲ့ ဗေဒင်ဆရာတွေရဲ့ စကားကိုယုံပြီး စောင့်ရအောင်လဲ မွေးနေ့က တော်တော်လိုသေးတယ်.. တခါတခါကျတော့လွတ်သွားတယ်.. ဒိုင်မသောက်ဘဲဆေးမရှူပဲ ကျွန်တော် နေ့ခင်းကြောင်တောင် လမ်းပျောက်ပျောက်သွားတယ်..
အန်ချင်တယ်ဗျာ.. အန်ချင်တယ်.. အန်ဖတ်တွေစင်သွားရင်တော့မတတ်နိုင်ဘူးဗျာ...