Sunday, August 29, 2010

စင်္ကာပူကိုမြင်တဲ့ကျွန်တော့်အမြင် (၁)

ကျွန်တော် ဘလောက်ပို့စ်တစ်ခုကို ဖတ်လိုက်ရတော့ စာရေးချင်လာပြန်ပါတယ်။ တောင်ရောမြောက်ရောက်စာစုများထဲက ဘောင်ခတ်ထားသောအတွေးများ နဲ့တလောက ဆရာမောင်ဝံသရဲ့
ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်မိတော့ ကျွန်တော်စိတ်မှာ အတွေးတွေဝင်ရောက်လာတယ်။ ဆရာမောင်ဝံသ ဆောင်းပါးက စင်္ကာပူမှာ ဗိုက်ကြီးသည်တစ်ယောက်က တန်းစီနေစဉ်မှာ လူတစ်ယောက်က အတင်း တိုးဝှေ့ကျော်တက်သွားတာကို ရေးထားပြီး စင်္ကာပူနိုင်ငံသားတွေ မယဉ်ကျေးပုံနဲ့ တကိုယ်ကောင်းဆန်ပုံအကြောင်းကို ဖော်ပြထားပါတယ်။ မြန်မာအများစုက ကြိုက်ကြပုံရပါတယ်။ Facebook မှာ တင်ထားတဲ့ ဆရာမောင်ဝံသဆောင်းပါးရဲ့ လင့်မှာ ကွန်မန့်တွေအများကြီးလည်းတွေ့ရတယ်။ ကျွန်တော်က အဲဒီကတည်းက စာရေးချင်နေတာ အခု “ဘောင်ခတ်ထားသော အတွေးများ”ကို တွေ့မှပဲ ရေးဖြစ်တော့တယ်။

ဆရာမောင်ဝံသရဲ့ဆောင်းပါးထဲမှာပါသလို အဖြစ်အပျက်မျိုးက ကျွန်တော်စင်္ကာပူမှာ ဆယ်နှစ်နေခဲ့ပြီးပါပြီ အခုလဲနေနေဆဲပါ။ မကြုံကြိုက်မိလို့ မသိဖူး မတွေ့ဖူးပါဘူး။ ဆရာမောင်ဝံသက စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူ့သမီးဆီကလည်း စင်္ကာပူနိုင်ငံသားတွေအကြောင်းကြားသိရပါတယ်လို့ရေးထားပါတယ်။

ကျွန်တော်ကတော့ သူတို့တွေ ရဲ့ ယဉ်ကျေးမှု အပြုအမူလို့ မြင်ပါတယ်။ ယဉ်ကျေးမှုမတူတဲ့ အပေါ်မှာ မူတည်ပြီး အမြင်တွေကွဲပြားနိုင်ပါတယ်။ ပန်းချီဝသုန်ရေးတဲ့ ၀တ္ထုလေးတစ်ပုဒ်လို့ထင်ပါတယ်။ ဘုရားပန်းချီကားတစ်ကားဆွဲထားတာကို ၀ယ်မယ့်သူ နိုင်ငံခြားသားက ခြေထောက်နဲ့ ညွှန်ပြလို့ ပန်ချီဆရာက စော်ကားတယ်လို့ထင်ပြီးမရောင်းတော့တဲ့ ၀တ္ထုလေးပါ။ ကျွန်တော် စင်္ကာပူရောက်စက စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ပါတယ်။ စူပါဗိုက်ဇာ က ခြေထောက်နဲ့ ပစ္စည်းညွှန်ပြတတ်တယ်။ လုပ်သက် တစ်လနှစ်လလောက်ကြာတော့ သတိထားမိတာက သူတို့ခြေထောက်နဲ့ညွန်ပြတဲ့ အရာတွေက နိမ့်တဲ့နေရာပိုင်းက အရာတွေဖြစ်တယ်။ အပေါ်ပိုင်းက အရာတွေကိုတော့ လက်နဲ့ညွှန်ပြပြီးပြေပါတယ်။ အဲဒီမှာ သူတို့တွေမှာ ခြေထောက်နဲ့ ညွှန်တာက ရိုင်းတယ်လို့ မသတ်မှတ်တဲ့ အမြင်ကို သတိထားမိတယ်။ တောသားတွေ အော်ကြီးဟစ်ကျယ်စကားပြောတာကို ရိုင်းတယ်လို့ ထင်တဲ့ မြို့သားတွေလိုပေါ့။

ကျွန်တော်တို့ မြန်မာအများစုက စင်္ကာပူမှာ အလုပ်လုပ်နေပေမယ့် စင်္ကာပူရဲ့တိုးတက်မှု စနစ်ကျမှုတွေကို အားကျမိပေမယ့် စင်္ကာပူလူမျိုးတွေကိုတော့ မြင်ပြင်းကပ်လေ့ရှိပါတယ်။ စင်္ကာပူရဲ့ တင်းကြပ်လှတဲ့ လူဝင်မှု ကြီးကြပ်ရေးကြောင့် အလုပ်ရပြီး လုပ်ခွင့် နေခွင့် မရတာတွေ၊ စင်္ကာပူကိုရောက်ပြီး လေဆိပ်မှ ပြန်လှည့်သွားရသူတွေ၊ လူမှုရေးနားမလည်တတ်တဲ့ စင်္ကာပူလူမျိုး အထက်လူကြီးတွေ အပေါင်းအသင်းတွေ ကို ကြုံရတဲ့ အခါမှာ ကိုယ်ကို ကြီးကျယ်တဲ့ အတိတ်သမိုင်းနဲ့ယဉ်ကျေးမှုတွေနဲ့နေလာခဲ့တဲ့ မြန်မာလူမျိုး ကျွန်တော်တို့တွေ စလုံးနဲ့စလုံးနိုင်ငံသားတွေကို အမြင်ကပ်တာ မဆန်းပါဘူး။

စလုံးတွေအနေနဲ့ကတော့ အစိုးရက စပြီး အကျိုးအမြတ် တွက်လေ့ရှိပါတယ်။ မြန်မာပြည်က ကျောင်းသားတွေ ၊ အလုပ်သမားတွေ ခေါ်သွင်းလာတော့လည်း အကျိုးအမြတ်ပါပါတယ်။ စလုံးမှာ လူတွေများလာတော့ ၀င်ခွင့်တွေ အလုပ်လုပ်ခွင့်တွေ ကြပ်တာလည်း သူ့နိုင်ငံသားတွေရဲ့အကျိုးအမြတ်ကို ကာကွယ်တာပါ။ မြန်မာ အိမ်ဖော်ဈေးကွက်ကိုလည်း စလုံးက စပြီး ဖော်ခဲ့တာပါပဲ။ သူ့တို့တွေရဲ့ အမြင်မှာက စီးပွားရေးပါ။ မြန်မာပြည်တိုးတက်ဖို့ ဆိုတာမျိုးကို စိတ်လည်းမ၀င်စားပါဘူး။ ဘယ်နိုင်ငံနဲ့နေနေ စီးပွားရေးအကျိုးအမြတ်ရဖို့ကိုသာ စိတ်ဝင်စားပါတယ်။ ဒါကို ကျွန်တော်တို့ မြန်မာတွေ နားလည်ဖို့လိုပါတယ်။

ကျွန်တော်ရောက်စကပါပဲ။ ကျောင်းမှာ အင်တာနေရှင်နယ် ကျောင်းသားတာဝန်ခံက စကားပြောတော့ “မြန်မာတွေက ဖော်ဖော်ရွေရွေမရှိ တသီးတခြားနေကြတယ်။ အခု ဒီကိုရောက်လာတဲ့အချိန်မှာ အဲလိုမနေပါနဲ့” လို့ ပြောတော့ ကျွန်တော်တို့တွေ စိတ်တိုလိုက်ကြတာ။ ကျွန်တော်တို့ သိထားတာက မြန်မာဆိုတာ ဖော်ရွေတယ်။ ပျော်ပျော်ရွင်ရွင် စည်းစည်းလုံးလုံးနေတတ်တယ်။ ဒါပေမယ့် အဲဒီအချိန်က နိုင်ငံတကာရဲ့ အမြင်မှာ ဦးနေ၀င်းရဲ့ တံခါးပိတ်ဝါဒကြောင့် “မြန်မာဟာ တသီးတခြားနေတယ်”ဆိုတာဖြစ်နေတယ်။ နောက်မှ သမိုင်းစာအုပ်တွေဖတ်ကြည့်မှ အဲလိုတွေရေးထားတာကိုတွေ့ရတယ်။ ဒါတွေကို တိုင်းပြည်ထဲမှာနေတုန်းက သိမှာမသိတာ။

ကျွန်တော်တို့တွေ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လာလုပ်တယ်။ ကျောင်းလာတက်ကြတယ်။ အများစုက တချိန်မှာမြန်မာပြည်ကို ပြန်ကြမှာပါပဲ။ အနည်းငယ်ကသာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချကြမှာပါ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာပြည်ကို ပြန်တဲ့ အချိန်မှာ ဘယ်နေရာတွေမှာ အတုယူသင့်တယ်။ ဘယ်အပြုအမူတွေက ကောင်းတဲ့ အကျင့်တွေ၊ ဘယ်ဟာတွေကတော့ မကောင်းဘူး ဆိုတာသိပြီး အသုံးချဖို့လိုပါလိမ့်မယ်။ သူများကို ဘောင်ခတ်မကြည့်သလို ကိုယ့်ကိုကိုယ်လဲ မျက်ကန်းမျိုးချစ်စိတ်များနဲ့ ဘောင်ခတ်မကြည့်တတ်ဖို့ လိုပါလိမ့်မယ်။

Thursday, August 12, 2010

တကာကြီး

ကျွန်တော်ငယ်ငယ်က အမေက “ဖိုးလေးငယ်”ဟုခေါ်သည်။ ယခုလည်း တွေ့တိုင်း နဖူးကို အသာအယာနမ်းကာ “ဖိုးလေးငယ် နေကောင်းလား” ဟု မေးတတ်တုန်းပင်။ ကျွန်တော် အိမ်နာမည် “ငယ်လေး၊ အငယ်လေး” ဖြစ်သော်လည်း သူငယ်ချင်းများက “သောင်းကြီး”ဟုခေါ်လေ့ရှိသည်။

ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ညီမ ၀မ်းကွဲလေးက ကျွန်တော့်ကို “ကိုငယ်”ဟုခေါ်သည်။ ချစ်သူက “ကောင်လေး” ဟုခေါ်သည်။

စင်္ကာပူရောက်စက သူငယ်ချင်းများက “အငယ်လေး”ဟုသာ ခေါ်သည်။ နာမည်အရင်း ကျောင်းနာမည်ကို လည်း ခေါ်လေ့ရှိကြသည်။ အတန်းကြီးလာတော့ “ကိုငယ်လေး” ဟု အတန်းငယ်သူများက ခေါ်ကြသည်။

ကျောင်းမှ ကျောင်းသားများ ၀ါဆိုသင်္ကန်းကပ်မည်ဆိုသောကြောင့် ဘုန်းကြီးကျောင်းသို့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သူ ကျွန်တော်ရောက်ခဲ့သည်။ စားသောက်ပြီး တရားနာပြီးသောအခါ ညပိုင်းအလုပ် လုပ်ရမည်သောကြောင့် အလုပ်နှင့် နီးသော ဘုန်းကြီးကျောင်းတွင်ပင် တရေးအိပ်ရန် ကျောင်းတွင် ကပ္ပိယ လုပ်နေသော သူငယ်ချင်းကို ပြောမိသည်။ ထိုသူငယ်ချင်းက ဦးပဉ္ဖင်းများ နားနေရာ အခန်းသို့ ခေါ်သွားကာ နေရာချထားပေးသည်။ တရေးလောက်မှေးနေစဉ်မှာပင် ခန်းနေ ဦးပဉ္ဖင်း ၀င်လာကာ
ဝါဆိုသင်္ကန်းကပ်ပွဲအတွက် သင်္ကန်းများပြင်ဆင်သောကြောင့် ကျွန်တော် အိပ်လို့မရတော့ပေ။ ဦးပဉ္ဇင်းက “တကာကြီး.. အားမနာနဲ့ အိပ်.. အိပ်” လို့ပြောပါသည်။ ကျွန်တော် မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်တော့ပေ။ ပိတ်ထားသော မျက်လုံးနှင့် ပွင့်နေသော စိတ်နှလုံးတွင် အဖေ့ကို မြင်နေမိသည်။ ငယ်ငယ်က ကြားခဲ့ဖူးသည်က “တကာကြီး”ဆိုသည်နှင့် “အဖေ၊ လေးလေး” တို့အရွယ်ကို ခေါ်သည်မဟုတ်ပါလား။ အခု ကျွန်တော်ကိုယ်တိုင် “တကာကြီး” ဖြစ်နေပါရောလား။