Thursday, August 12, 2010

တကာကြီး

ကျွန်တော်ငယ်ငယ်က အမေက “ဖိုးလေးငယ်”ဟုခေါ်သည်။ ယခုလည်း တွေ့တိုင်း နဖူးကို အသာအယာနမ်းကာ “ဖိုးလေးငယ် နေကောင်းလား” ဟု မေးတတ်တုန်းပင်။ ကျွန်တော် အိမ်နာမည် “ငယ်လေး၊ အငယ်လေး” ဖြစ်သော်လည်း သူငယ်ချင်းများက “သောင်းကြီး”ဟုခေါ်လေ့ရှိသည်။

ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ညီမ ၀မ်းကွဲလေးက ကျွန်တော့်ကို “ကိုငယ်”ဟုခေါ်သည်။ ချစ်သူက “ကောင်လေး” ဟုခေါ်သည်။

စင်္ကာပူရောက်စက သူငယ်ချင်းများက “အငယ်လေး”ဟုသာ ခေါ်သည်။ နာမည်အရင်း ကျောင်းနာမည်ကို လည်း ခေါ်လေ့ရှိကြသည်။ အတန်းကြီးလာတော့ “ကိုငယ်လေး” ဟု အတန်းငယ်သူများက ခေါ်ကြသည်။

ကျောင်းမှ ကျောင်းသားများ ၀ါဆိုသင်္ကန်းကပ်မည်ဆိုသောကြောင့် ဘုန်းကြီးကျောင်းသို့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သူ ကျွန်တော်ရောက်ခဲ့သည်။ စားသောက်ပြီး တရားနာပြီးသောအခါ ညပိုင်းအလုပ် လုပ်ရမည်သောကြောင့် အလုပ်နှင့် နီးသော ဘုန်းကြီးကျောင်းတွင်ပင် တရေးအိပ်ရန် ကျောင်းတွင် ကပ္ပိယ လုပ်နေသော သူငယ်ချင်းကို ပြောမိသည်။ ထိုသူငယ်ချင်းက ဦးပဉ္ဖင်းများ နားနေရာ အခန်းသို့ ခေါ်သွားကာ နေရာချထားပေးသည်။ တရေးလောက်မှေးနေစဉ်မှာပင် ခန်းနေ ဦးပဉ္ဖင်း ၀င်လာကာ
ဝါဆိုသင်္ကန်းကပ်ပွဲအတွက် သင်္ကန်းများပြင်ဆင်သောကြောင့် ကျွန်တော် အိပ်လို့မရတော့ပေ။ ဦးပဉ္ဇင်းက “တကာကြီး.. အားမနာနဲ့ အိပ်.. အိပ်” လို့ပြောပါသည်။ ကျွန်တော် မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်တော့ပေ။ ပိတ်ထားသော မျက်လုံးနှင့် ပွင့်နေသော စိတ်နှလုံးတွင် အဖေ့ကို မြင်နေမိသည်။ ငယ်ငယ်က ကြားခဲ့ဖူးသည်က “တကာကြီး”ဆိုသည်နှင့် “အဖေ၊ လေးလေး” တို့အရွယ်ကို ခေါ်သည်မဟုတ်ပါလား။ အခု ကျွန်တော်ကိုယ်တိုင် “တကာကြီး” ဖြစ်နေပါရောလား။

No comments: