ဒီနှစ် TP သင်္ကြန်လုပ်မည့်ရက် စနေနေ့သည် နေ့ဆိုင်းညဆိုင်း ၃ ရက်လုပ် ၄ ရက်နား လုပ်ရသော ကျွန်တော်၏ လုပ်ရက်ဖြစ်နေသည်။ ကျွန်တော့် အလုပ်သည် တစ်နှစ်တွင် ရသော ခွင့် ၉ ရက် ကို တစ်လ ၀.၇၅ ရက် အရစ်ကျ ပေးအပ်သည်။ ထို့ကြောင့် ကျွန်တော့်တွင် လက်ကျန်ခွင့် တစ်ရက်ခွဲသာ ရှိသောကြောင့် သင်္ကြန်ပွဲ ပြုလုပ်သည့် ရက်တွင် စင်္ကာပူရှိ အလုပ်လုပ်သူများ လုပ်လေ့ရှိသည့်အတိုင်း ဆေးခွင့်ယူရန် စဉ်းစားရတော့သည်။
စင်္ကာပူတွင် ဆေးခန်းအများစုသည် ဆေးခွင့်ပေးကာ ၀င်ငွေရှာကြသည်။ ထိုဆေးခန်းများ၏ အပြစ်ဟုလည်းမဆိုသာပေ။ အချို့အရာများသည် ပတ်ဝန်းကျင်၏ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်းပင်..။ ဆေးခန်းလာသူများတွင် အမှန် နေမကောင်း၍ လာသောသူက နည်းပေသည်။ အများစုမှာ အနားယူချင်သည့် အချိန်များ၊ လုပ်စရာရှိသည်နှင့် တိုက်ဆိုင်ချိန်များတွင် ဆေးခွင့်ယူလေ့ရှိသည်။
ယခင်နှစ်ပတ်ကပင် စာမေးပွဲတစ်ခုရှိသောကြောင့် ဆေးခွင့် နှစ်ရက်ယူထားသော ကျွန်တော် ဆေးခန်းသွားလျှင် အကြောင်းပြဖို့ အကြောင်းအရာ စဉ်းစားရတော့သည်။
ခေါင်းကိုက်၊ ခြေကိုက်၊ လက်ကိုက်၊ နှာစေး၊ ချောင်းဆိုး၊ အိပ်မပျော်၊ ဗိုက်နာ၊ ၀မ်းလျှော၊ မျက်စိနာ စသည့် ရောဂါအခြေအနေတို့က ကျွန်တော်၏ လက်သုံး အကြောင်းပြချက်များပင်ဖြစ်သည်။ သည်တစ်ခေါက် မည်သို့ ဆရာဝန်ကို ပြောရပါမည်နည်း..။ ချောင်းဆိုးတာကတော့ ရှိနေသည်။
TP သင်္ကြန်.. ၂၀၁၀...
စပွန်ဆာ ပေးသည့် ကုမ္ပဏီအရေအတွက်များသည်။ ထိုအထဲတွင် အင်းလေး စားသောက်ဆိုင်မှ အစားအသောက်၏ တစ်ဝက်ကို စပွန်ဆာပေးသည်ဟု သိရသည်။ အင်းလေး စားသောက်ဆိုင်နှင့် ကျွန်တော်က ရင်းနှီးနေသည်မှာ ကြာလေပြီ.. မဆက်ဆံသည်မှာလည်း ကြာပြီ.. ဆိုင်ဖွင့်ပြီးကတည်းက ရောက်ခဲ့သည့်အကြိမ်ပေါင်းကို လက်ချိုးရေတွက်လို့ရသည်။ မကြိုက်ပါ..။ အစားအသောက် အရသာ ၊ ဆက်ဆံရေးညံ့ဖျင်းမှု ၊ ဖြစ်ကတတ်ဆန်း လုပ်တတ်မှု၊ ဈေးကြီးယူကာ တန်ဖိုးညီမျှသော ၀န်ဆောင်မှု မရရှိမှု တို့ကြောင့် ထို အင်းလေး စားသောက်ဆိုင်ကို မကြိုက်ပါ..။
ထို့ကြောင့် အင်းလေးမှ စပွန်ဆာပေးသည်ဆိုသည့် သတင်းစကား ကြားရသော်လည်း သိပ်အထင်မကြီးမိ..။ အစားအသောက်ဆိုင်များက ၀န်ဆောင်မှုမပါလျှင် အစားအသောက်၏ ၃၀ ရာခိုင်နှုန်းမျှသာ သူတို့၏ တကယ့်ကုန်ကျမှုစရိတ်ဖြစ်လေသည်။ ထို့ကြောင့် တစ်ဝက် စပွန်ဆာပေးသည်ဆိုကတည်းက ငါးကြင်းဆီနှင့် ပြန်ကြော်ခံလိုက်ရသော ငါးကြင်းတစ်ကောင်အဖြစ် TP မြန်မာ ကို မြင်မိလေသည်။ ထင်ထားသည့်အတိုင်းပင် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော အင်းလေးတံဆိပ် ကပ်ထားသော ထမင်းဘူးအတွင်းမှ ထောပတ်ထမင်းဆိုသော ထမင်းဖြူ မာတောင့်တောင့်ကြောင့် အခွံသာရှိပြီး အစေ့မအောင်သော နေကြာစေ့ကို စားလိုက်ရသလိုဖြစ်သွားသည်။
သင်္ကြန်ပွဲ အောင်မြင်စွာပြီးဆုံးသွားသည်ဟု ဆိုရပေမည်။ ပတ်စာခွာဖျာသိမ်းဆိုသလိုပင် TP သင်္ကြန်တိုင်းတွင်ဖြစ်သော်လည်း ယခုနှစ်ခွာရသည့် ပတ်စာသည် ခွာရ လက်ပေါက်ကပ်လှသည်။ အမှိုက်သိမ်းကုလားနှင့် သန့်ရှင်းရေး သမားလိုပင် မန်ဆာကန်တင်း ကို ကြမ်းတိုက်ခဲ့ရသေးသည်။ ကြောင်ချေးဆိုသော သူငယ်ချင်းတစ်ယောက် က ဘေးမှာရှိနေသောကြောင့် ကျောင်းတက်ချိန် စားသောက်ဆိုင် တစ်ခုတွင် အချိန်ပိုင်းအလုပ် တူတူလုပ်ခဲ့စဉ်က အကြောင်းကို ပြောရင်း ကြမ်းတိုက်ခဲ့ရသည်။
စောစောပြန်မယ်လို့စီစဉ်ထားသော်လည်း ၁၀နာရီခွဲမှ ပြန်ဖြစ်သည်။ ထိုအချိန်ထိ ကျွန်တော် ဆေးခွင့် မယူရသေးပေ။ ကျွန်တော့်အလုပ်တွင် ညဆိုင်းဆင်းရသည့် ရက်များတွင် ဆေးခွင့်ယူပါက နှစ်ရက်အတွင်း ယူဖို့ အချိန်ရသည်။ စနေယူဖို့ အချိန်တော့ မရတော့ပေ..။ တနင်္ဂနွေမှယူရတော့မည်ဟု စဉ်းစားထားသည်။ အကြောင်းအရာကိုတော့ စဉ်းစားလို့ မရသေးပေ။ အိမ်ပြန်ရောက်တော့ ရေစိုအ၀တ်နှင့် တစ်ညနေလုံးနေခဲ့သောကြောင့် ခေါင်းကိုက်လာသည် နှာချေလာသည်။ မနက်ဖြန် ဆေးခန်းသွားလျှင် အကြောင်းပြချက်ရပြန်ပြီလို့ စဉ်းစားမိသည်။
မနက် အိပ်ရာအထတွင် ဗိုက်တွင်းမှ ရစ်ကာ နာသည်။ အိမ်သာ သွားရသည်။ တစ်ခေါက်.. နှစ်ခေါက်.. သုံးခေါက်... ခဏနားရင်း စဉ်းစားမိသည်။ ဘယ်နေရာမှာ ဘာအစာ စားမိသလဲ။ ထမင်းမာမာကြောင့် မစားနိုင်ခဲ့ သော ထောပတ်ထမင်း၊ “ထမင်းဘူးတွေ ပိုနေတယ် အကို နောက်ထပ်ယူဦး” ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့စကားသံ၊ ထမင်းမစား နိုင်သောကြောင့် ဟင်းနှစ်ပွဲစာကို ထမင်းအဖြစ် အစားထိုး လိုက်သည့် ကိုယ့်ပါးစပ်.. နောက်ဆုံးတော့.. ကျွန်တော် ကိုယ့်ကို ကိုယ်ပဲ မြင်မိသည်။ သည်တပ်မက်ခြင်းတဏှာသည်ပင် ၀မ်းကိုက်ခြင်းဝေဒနာကို ပေးခဲ့ပေသည်။
သို့သော်.. အင်းလေး စားသောက်ဆိုင်ကို ကျေးဇူးတင်ရသည်။ ခဏနေ ဆေးခန်းသွားချိန်တွင် အကြောင်းပြချက်အသစ် တစ်ခု ခိုင်ခိုင်လုံလုံ ရလိုက်သောကြောင့်ဖြစ်သည်။

No comments:
Post a Comment