Thursday, March 31, 2011

နေဘုန်းလတ်အတွက်.. စာ..(မတ်လ)

သူငယ်ချင်းရေ..

“ငယ်..သူငယ်ချင်းရေ.. အခုတော့ ငယ်ကျွမ်းဆွေ” လို့ ဒီသီချင်းဆိုရင် အဲဒါက မိန်ကလေးနဲ့ ယောက်ျားလေး စုံတွဲသီချင်းလို့ ပြောဦးမယ်။ အခုတလော ငါလဲ မြန်မာသံတွေ အာရုံရနေတယ်။ ဒူဘိုင်းမှာ ချစ်ဦးညို ဟောတဲ့ထဲက သီချင်းလေးတစ်ပုဒ်ကို ရေးပေးမယ်ကွာ.. မင်းသိမှာပါ..ငါတို့ woodland အိမ်မှာတုန်းက အမြဲဖွင့်တဲ့ သန်းမြတ်စိုးရဲ့ နဂါးနီအခွေထဲကသီချင်းလေ။ ရေးတဲ့သူကတော့ ရွှေတိုင်ညွှန့်။ သီချင်းကတော့
“အကျင့်ဆိုး” လေ။

“အလုပ်လုပ်ရာဝယ် အစကသာရယ် အဆုံးထိအောင်ပင် မကြံချင်တယ် အားလျှော့တာရယ် ပေါ့လျော့တာရယ် အဲဒါ အကျင့်ဆိုးတယ်.. အို တယောက် ဒီလို တယောက် ဟိုလို အမျိုးမျိုး အဖုံဖုံ ဂုဏ်ပြိုင်တယ် နည်းလမ်း အပိုတွေ စည်းကမ်း မရိုသေ ရက်တွေ ကုန်ခဲ့တယ်။

ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ သံသရာရှည်လာတယ် မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ် ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်။

ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ် ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်၊ သေချာစွာ နောက်တထစ်မှတ်ကွယ် ကောက်ကျစ်တတ်တယ် ၀ါသနာရယ် ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။

သူလုပ်တော့ အရာရာ မတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ် အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ကွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။

အလိုက်မသိတာတွေရယ် ကိုယ့်အဖို့တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါတယ် ဒီဥာဉ်မျိုး အလွန်ဆိုးတယ် ရှေးစကားတွေကို ပယ် ခေတ်အလိုက်တော့သူနားမလည် ဆရာ့ကိုလည်း ပစ်ကာပယ် ဒီဥာဉ်မျိုး အလွန်ဆိုးတယ်

ကမ္ဘာမှလည်း ခေတ်မှီဖွယ် ကမ္ဘာမှလည်း ခေတ်မှီဖွယ် မြန်မာနိုင်ငံကြီးကို တကယ် ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ ဒီသီချင်းတေးနှယ် မနှေးဘဲ ပြုပြင်မယ်။

ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ် ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်၊ သေချာစွာ နောက်တထစ်မှတ်ကွယ် ကောက်ကျစ်တတ်တယ် ၀ါသနာရယ် ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။

သူလုပ်တော့ အရာရာ မတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ် အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ကွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။”

သီချင်းနားထောင်လိုက် စာသားပြန်ရေးလိုက်ဆိုတော့ မှာ “ကွယ်တို့ ၊ မယ်တို့” မှာ သိပ်မကွဲဘူးကွ။ တကယ်တော့ ဒီသီချင်းကို သန်းမြတ်စိုး အခွေနားထောင်တော့မှ နားထောင်ဖူးတာ။ သူ့အလိုက်ကို ယူပြီး ငါတို့ ငယ်ငယ်က ကြော်ငြာတစ်ခု နာမည် ကြီးဖူးတယ်လေ။ နေအောင်ရဲ့ ဘီယာကြော်ငြာလေ။ “ ဘီယာဟာ အရက်တော့ မဟုတ်ပါ” ဆိုတဲ့ အလိုက်လေ..။ ရွှေတိုင်ညွန့်ရဲ့ စာသားတွေက အရမ်းကောင်းတယ်။ သူက ပြင်စေချင်လို့ ဆိုဆုံးမခဲ့တာတွေလေ... ခုထိ ခေတ်မှီနေတုန်းပဲ။

တလောက UAE မှာ ပထမဆုံး စာပေဟောပြောပွဲလေး လုပ်ခဲ့တယ်။ ငါလည်း အင်တာနက်ကနေ နားထောင်ရတယ်။ အော်ပီကျယ်နဲ့ ချစ်ဦးညို တို့ ဟောပြောသွားတယ်ကွ။ ကမ္ဘာအနှံ့မှာ စာပေဟောပြောပွဲလေးတွေ ထွန်းကားလာအောင် စီမံတဲ့သူတွေကို ငါတော့ ချီးကျူးတယ်။ အော်ပီကျယ်ကတော့ ရေကြည်ရာ မြက်နုရာ အကြောင်းလေးပြောတော့ မင်းနဲ့ငါ ငြင်းခုန်ခဲ့တာကို သတိရမိသေးတယ်။ “နိုင်ငံသား ပြောင်းခြင်း မပြောင်းခြင်း” ကိစ္စ နဲ့ ပတ်သတ်ပြီးတော့လေ။ အရင်က ဒို့ဘိုးဘေးတွေက ရေကြည်ရာ မြက်နုရာ ရှာခဲ့လို့ ငါတို့တွေ မြန်မာနိုင်ငံထဲကို ရောက်ခဲ့တာ ဆိုတာလေးလေ။ အော်ပီကျယ် က မြန်မာပြည်ဟာ တကယ့်ပဲ ရေကြည်ရာ မြက်နုရာ မဟုတ်လို့ အခု ဒို့ မြန်မာတွေ ပြည်ပထွက် ပညာရှာ စီးပွားရှာနေရတာလားဆိုတဲ့ အတွေးမျိုး ပြောသွားခဲ့တယ်။ အရင်ခေတ်က အစ္စရေးက ပညာရှင်တွေ ကို မြန်မာပြည်ထဲ မှာ အပင် စိုက်ဖို့ကိစ္စတစ်ခု စီမံချက်နဲ့ ခေါ်ခဲ့ဘူးတယ်တဲ့။ အစ္စရေးက ပညာရှင်တွေကို ဘာလို့ ခေါ်တာတုန်းဆိုတာတော့ မင်းသိပါလိမ့်မယ်။ ဒီကောင်တွေက ကန္တာရကြီးကို သစ်ပင်ပြန်စိုက်တဲ့ သူတွေလေ။ စီမံချက်ရက် မတိုင်ခင် တစ်ပတ်ပြီးတာနဲ့ အဲဒီ ပညာရှင်တွေဟာ အစ္စရေးကို ပြန်ဖို့စီစဉ်ကြတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာပြည်ရဲ့ မြေဟာ ဘယ်အပင်စိုက်စိုက် ဖြစ်ထွန်းတဲ့မြေဖြစ်လို့ပါပဲတဲ့။ အခုလို အပြင်ရောက်နေတဲ့ မြန်မာတွေကို Brain Drain လို့ မယူဆ ပဲ နောင်တချိန်မှာ Brain Gain ဖြစ်လာနိုင်တယ်ဆိုတဲ့ အမြင်နဲ့အောပီကျယ် က ပြောသွားတယ်။

ချစ်ဦးညိုကတော့ ကဗျာတွေရွတ် သီချင်းတွေဆိုပေါ့ကွာ။ ၂၀၀၉ စင်္ကာပူစာပေ ဟောပြောပွဲက အပြန် မလေးရှားနိုင်ငံ ပီနန် မှာ ပထမဆုံးအကြိမ် စာပေဟောပြောပွဲသွားတဲ့ သူ့အတွေ့အကြုံလေးကို ပြန်ပြောပြတယ်။
၁ နာရီစမယ့် ပွဲမှာ ၁၂ နာရီခွဲ ထိ ပရိတ်သတ် မရှိသေးဘူးတဲ့။ စီစဉ်တဲ့သူတွေလည်း ပြာယာခတ်နေပြီ။ အဲဒီမှာ သူက ပွဲစီစဉ်သူတွေကို သွားမေးတော့ စီစဉ်တဲ့သူက ခဏစောင့်ပါဆိုပြီး အပြင်ထွက်သွားတယ်။ နောက် ၁၅ မိနစ်လောက်နေတော့ ၀ုန်းခနဲဆိုပြီး လူအုပ်ကြီးရောက်လာပြီး ရုံပြည့်သွားတယ်တဲ့။ ပွဲပြီးတော့မှ အကျိုးအကြောင်းသိရတာက 0verstay ဆိုပြီး ရဲဖမ်းမှာ ကြောက်လို့ ဟိုတစ်စု ဒီတစ်စု နေနေရတာ။ အဲဒီမှာ ပွဲစီစဉ်တဲ့သူက အဲဒီနယ်က ရဲချူပ်ကို ပိုက်ဆံပေးပြီး ဒီပွဲလာတဲ့သူတွေကို မဖမ်းဖို့ ညှိလိုက်တော့မှာ ပရိတ်သတ်တွေ ရုံထဲကို ၀င်လာရဲတယ်တဲ့။ နားထောင်ပြီး အတော်စိတ်မကောင်းဘူး။ မလေးရှားမှာက ပညာတတ် လူတန်းစားထက် အောက်ခြေအလုပ်သမားက ပိုများတယ်။ အဲဒီထဲမှာလည်း ကိုယ့်နိုင်ငံကို ကောင်းစေချင်တဲ့သူတွေ အများကြီးပါပဲကွာ။ ရုပ်ရှင်အစည်းအရုံးရဲ့ ဒုတိယ ဥက္ကဌကြီး ချစ်ဦးညို က ပြောသွားတယ်။ မပြောချင်ဘဲနဲ့ ပြောရပါတယ်တဲ့ “ အာဆီယံ ဆယ်နိုင်ငံမှာ မြန်မာက “၁” ၊ အောက်က စ ရေရင်ပြောပါတယ်”တဲ့။ ငါ မရယ်နိုင်ပါဘူးကွာ...။

နောက်လမှာ စင်္ကာပူမှာ စာပေဟောပြောပွဲ နှစ်ခုတောင်ရှိတယ်။ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းကပ်နေတာလေးပဲ ပြောစရာရှိတယ်။ စီစဉ်တဲ့ နှစ်ဖွဲ့က မမျှော်လင့်ပဲ ရက်တိုက်ဆိုင်သွားတယ်ကွာ။ နှစ်လ သုံးလ ဒါမှမဟုတ် ခြောက်လ လောက် ခြားရင်တော့ ပိုကောင်းတာပေါ့။ ငါက လျှာလျှာရှည်ရှည် ရက်ရွှေ့ဖို့ နှစ်ဖွဲ့လုံးကို တောင်းပန်ကြည့်သေးတယ်။ သူတို့တွေက စီစဉ်ပြီးပြီ ဆိုတော့လည်း ဘယ်တတ်နိုင်မလဲကွာ။ ကိုယ်လုပ်သင့်တာ တစ်ခုကို ကြိုးစားကြည့်ခဲ့တယ်ပေါ့ကွာ။ ဘာပဲဖြစ်ဖြစ် စာဖတ်ပရိတ်သတ်အတွက်တော့ ကောင်းပါတယ်။ စာပေဟောပြောပွဲများတာက တခြား ပျော်ပွဲရွှင်ပွဲ များတာထက်စာရင် တော်သေးတာပေါ့။

ကဲ စာလည်း ရှည်နေပြီး။ ဒီလတော့ ဒီမျှနဲ့ပဲ တော်သေးပြီ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်၊ ငါတို့တွေလည်း ကျန်းမာရေးကောင်းတယ်။ စည်သူ့အမေ အလည်ရောက်နေလို့ အိမ်မှာ ဟင်းမလပ်ဘူး ထမင်း မငတ်ဘူး။
“စည်းတဲ့သွေး” ဆိုတဲ့ ငါရေးတဲ့ ကဗျာလေးကို ထည့်ပေးလိုက်တယ်။ မင်းအတွက်ဆိုတော့ Version တစ်မျိုး..။

စည်းတဲ့သွေး

နာဂစ်ဖြစ်တော့

အထက်အောက် .. အတွင်း အပြင်

ဧရာဝတီတိုင်းထဲ ၀င်လာကူတာ..

ပြည်သူ..။

ဂီရိဖြစ်တော့

ခက်ခဲတဲ့ လမ်းပန်းတွေကျော်ဖြတ်

ရခိုင်ဘက်ကို လှမ်းတက်ခဲ့ကြတာ..

ပြည်သူ..။

တာလေမှာ

ကမ္ဘာမြေ အက်ကွဲတော့

လဲသူကို လက်တွဲ

ထူပေးကြတာ..

ပြည်သူ..။


ဒီလိုနဲ့..

သဘာဝဘေး အန္တရာယ်ကြုံတိုင်း

ပြည်သူတွေ စုစည်းသွားတယ်။

ပြည်သူတွေ စည်းလုံးသွားတယ်။

ပြည်သူတွေ ရိုင်းပင်းလာတယ်။

ပြည်သူတွေ အနစ်နာခံတတ်လာတယ်။


မင်းရဲ့သူငယ်ချင်း

ငယ်လေး


No comments: