ကျွန်တော် တလောက တရုတ်ပြည် အကြောင်းရေးထားသည့် အင်္ဂလိပ်စာအုပ်တစ်အုပ်ဖတ်ဖြစ်သည်။ Lake with no name “အမည်မဲ့ ကန်” ကို ဝေ ဆိုသည့် တရုတ်မလေးတစ်ယောက်က တရုတ်ပြည်၏ ၁၉၈၉ တန်အင်မန် ရင်ပြင် လှုပ်ရှားမှုကို အခြေခံသော်လည်း မော်စီတုန်း ခေတ်တရုတ်ပြည် တချို့၊ ခေတ်သစ် ပြောင်းလဲနေသော တရုတ်ပြည်တချို့ ကို ၀ိုးတ၀ါးပါဝင်သည်။ တန်အင်မန်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုသည် တရုတ်ကျောင်းသား ပြည်သူများစွာ သွေးမြေကျခဲ့ရသည်။ ဝေသည် ထိုအကြောင်းကို သူ၏ အချစ်ဇာတ်လမ်း၊ သူ့ဘ၀ဇာတ်ကြောင်းနှင့် ရောကာ တင်ပြထားသည်။ လွမ်းမောဖွယ်ကောင်းသော အချစ်ဇာတ်လမ်း၊ ကြေကွဲဖွယ်ကောင်းသော ကျောင်းသားများ၏ ဇာတ်လမ်း၊ အာဏာရှင်အောက်တွင် တွန်းလှန်တော်လှန်သော စိတ်ဓာတ်၊ ထို ၁၉၈၉ အချိန်က ကျီးလန့် တစားစားဖြစ်နေရသည့် အချိန် စသည်တို့ကို ထိုစာအုပ်တွင် တွေ့သိခံစားရလိမ့်မည်။
ထိုစာအုပ်ကို ဖတ်နေစဉ်အချိန်တွင် ကျွန်တော်ရင်တွင်း၌ မြန်မာ့ကျောင်းသားလှုပ်ရှားမှု သမိုင်းနောက်ခံ ၀တ္ထုများကို သတိရမိသည်။ ပထမဆုံးတစ်အုပ်က သိန်းဖေမြင့်၏ “သပိတ်မှောက်ကျောင်းသား” ဖြစ်သည်။ ၁၉၃၆ ကျောင်းသားသပိတ်ကို နောက်ခံပြုပြီး ရေးဖွဲ့ထားသည့် ၀တ္ထုဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ညိုထွန်း၏ ပြတ်သားသည့်စိတ်ဓာတ်၊ ထိုခေတ်က ကျောင်းသားသမဂ္ဂ မြန်မာ့သမိုင်းမှာ အရေးပါခဲ့သည့် ကျောင်းသားသမဂ္ဂကို တွေ့မြင်နိုင်သည်။ ကိုနု၊ ကိုအောင်ဆန်း မှအစပြု၍ မအမာကဲ့သို့သော နာမည်ကျော် သမိုင်းဝင် အထင်ကရများကို ထိုစာအုပ်တွင် ကျွန်တော်တို့ လေးလေးစားစားဦးညွတ်ရသည်။ သိန်းဖေမြင့်၏ “အရှေ့မှ နေ၀န်းထွက်သည့်ပမာ” သည် ၁၉၃၈မှ ၁၉၃၉ အင်္ဂလိပ်အပြေးကာလနှင့် စကာ ဂျပန်အ၀င် ကာလနှင့် အဆုံးသတ်ထားသည်။ ဤစာအုပ်တွင်မှု မျိုးချစ်စိတ်ရှိသူ တင်ထွန်းကို ဇာတ်ကောင်ထားသည်။ တင်ထွန်း၏ အချစ်ဇာတ်လမ်းများနှင့် ထုံမွှမ်းလွန်းသည်ဟု ဝေဖန်သူများက ဝေဖန်ကြသော်လည်း ထိုခေတ်ထိုကာလက လူတို့၏ သရုပ်ကို ဖော်ပြသည့် ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်ပေသည်။ သိန်းဖေမြင့်၏ လက်ရာများကို ဖတ်ပြီးလျှင် သူသည် လူ့သရုပ်ဖော်ရာ အလွန်းကျွမ်းကျင်သော စာရေးဆရာတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချနိုင်သကဲ့သို ထိုခေတ်ထိုအခါက ထိုစာအုပ်များကို ထုတ်ဝေခွင့်ရခဲ့ သည်ကို ကျွန်တော်အားကျမိလေသည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်ကို တော်လှန်ရာ ကျွန်ဘ၀မှ လွတ်မြောက်ရာ စာပေများကို အင်္ဂလိပ်အစိုးရက သိသိနှင့် ခွင့်ပြုခဲ့ခြင်းပေလော မြန်မာစကားကို နားမလည်၍ ဆင်ဆာစီစစ်ရေး မရှိခဲ့လေသလောဟု ကျွန်တော်စဉ်းစားမိလေသည်။
မောင်သာရ၏ “ကျည်တုပ်ခံဝံ့ မခံဝံ့” သည် မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂလှုပ်ရှားမှု တပိုင်းတစ နှင့် ထောင်အတွင်း နှိပ်စက် မေးမြန်းပုံကို အဓိကထားကာ ရေးသားထားသည်။ ကျွန်တော်နားမလည်သည်က သခင်နုသည် ထောင်အကြောင်းရေးသည် သို့ရာတွင် သူအာဏာရလာသောအခါတွင်မှု နိုင်ငံရေးသမားများ ကျောင်းသားများကို အဘယ်ကြောင့်ထောင်ချရသနည်း။ လွတ်လပ်ပြီးခေတ်က နိုင်ငံရေးသမားတို့သည် ထောင်ကျသော်လည်း ထောင်တွင်း ဖိနှိပ်မှုများ မရှိဟု ဆိုကြသည်။ သို့သော် မောင်သာရ၏ ကျည်တုပ်ခံဝံ့ မခံဝံ့က ထိုခေတ်က အခြေအနေကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာအုပ်ရေးသည်မှာ ၁၉၇၀ ၀န်းကျင် မဆလခေတ်တွင် ဖြစ်သည်။ အဖြစ်အပျက် ဖြစ်ပြီး နှစ် ၂၀ အကြာတွင်ဖြစ်သည်။ သို့သော် ထုတ်ဝေပြီး ခဏအကြာတွင် စာအုပ်များကို လိုက်သိမ်းသည်ဟု ဆိုကြသည်။ ကျောင်းသားသမဂ္ဂ၏ လှုပ်ရှားမှုကို မဆလအစိုးရက ဖျောက်ဖျက်ချင်၍လောဟု တွေးတောရသည်။ ၁၉၆၂ တွင် ဗိုလ်ချူပ်နေ၀င်း အစိုးရသည် ကျောင်းသားသမဂ္ဂအဆောက်အဦး ကို ဖြိုခွဲဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂနှင့် ပတ်သက်သည့်လှုပ်ရှားမှုများကို ဖျက်ဆီးချင်သည့် သဘောရှိသည်ဟု ခန့်မှန်းနိုင်သည်။ သို့ရာတွင် စာပေစီစစ်ရေးကို အုပ်ချုပ်သူက တိုက်ရိုက်မအုပ်ချုပ်သေးဟု လည်း ခန့်မှန်းနိုင်သည်။
မဆလ လက်ထက်တွင် သရုပ်ဖော် စာပေသည် အလွန်ထွန်းကားလာသည်။ မောင်သာရ၊ နုနုရည်(အင်းဝ)၊ နိုင်ဝင်းဆွေ၊ မြသန်းတင့် စသည့် စာရေးဆရာတို့၏ ခေတ်ကို ထင်ဟပ်သည့် အရေးအသားများသည် မြန်မာ့စာပေလောကကို တခေတ် ဆန်းသစ်စေခဲ့သည်။ ထိုခေတ် ထိုအခါက ခေတ်စားသည့် မှောင်ခိုလောကသည် ထိုစာရေးဆရာများ၏ ရေးကွက် များဖြစ်လာသည်။ ခေတ်၏ ဆိုးရွားလှပုံကို နိုင်ဝင်းဆွေက “မသိန်းရှင်ဆီ ပို့ပေးပါ” မောင်သာရက “ကြောက်ရွံခြင်း မှ ကင်းဝေးရပါလို၏”၊ မြသန်းတင့်က “မာယာဘုံ” စသည်ဖြင့် စာပေကောင်းများထွက်ပေါ်လာခဲ့သည်။ ကျွန်တော်က တော်လှန်သောစာပေဟုပြောသော်လည်း ခေတ်ကို ထင်ဟပ်စေသည့်စာပေသည် ကျွန်တော်တို့ ရင်တွင်း စွဲကျန်နေခဲ့သည်သာဖြစ်သည်။ တက္ကသိုလ်ဘုန်းနိုင်၏ “သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်” သည် နိုင်ငံရေး တော်လှန်ရေးစာပေ မဟုတ်သော်လည်း အဆင့်အတန်းရှိသော ခေတ်ကိုဖော်ပြသောစာပေ ပင်ဖြစ်သည်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ် ၊ ယနေ့ခေတ်..။
၁၉၈၈ နောက်ပိုင်းတွင်တော့ ကျွန်တော်တို့ မြန်မာစာပေ၏ လွတ်လပ်စွာရေးသားမှုတို့သည် ကန့်သတ်ကြီးစွာ ချုပ်ချယ်ခံလာရတော့သည်။ ခေတ်ဆိုသည့် အကြောင်းအရာကို တိုက်ရိုက်ဖော်ပြ၍ မရတော့ပေ။ ထို့ကြောင့်
မင်းလူသည် သူ့အဖေ သာဓုကဲ့သို့ လွတ်လွတ်လပ်လပ် လူဝါး၀၀ မရေးနိုင်တော့ပေ။ တစ်ချက်တစ်ချက်မှသာ ကြိုးကြားကြိုးကြား ခေတ်ကို ဖော်ပြလာရသည် ။ မစန္ဒာသည်လည်း ဂျီဟောသူလို ကျောင်းပတ်ဝန်းကျင်ကို မရေးနိုင်တော့ပဲ ဆဌဂံ ကဲ့သို့သော ခေတ်ကိုေ၀၀ိုက်သော အရေးအသားမျိုးများနှင့် တင်ပြကြသည်။ ဂျူးသည်လည်း “ပင်လယ်နှင့်တူသော မိန်းမများ”မှ “သူ .. ဘယ်တော့မှ ” ကဲ့သို့ အဓိပ္ပါယ် တွေးယူချင် ယူနိုင်သော အရေးအသားမျိုး ရေးသားလာသည်။ သို့သော် မြန်မာ ၀တ္ထုတိုများ ပိုမို ထွန်းကားလာကာ ၀တ္ထုတိုသည် ဒက် ကနဲနှင့် ထိသည်။ ဇာတ်အိမ် ကြီးကြီးမလို။ ပေးချင်သည့် အရာကို ဒက်ခနဲ ထိအောင် ပေးနိုင်သည်။ မြန်မာစာပေ စိစစ်ရေးကို ဖြတ်ကနဲ လုပ်ပြပြီး မြန်မာ့စာပေလောက တွင် တိုးတက်လာသည်။ နေ၀င်းမြင့်၏ ပုစဉ်း ရင်ကွဲ ၊ ဆယ့်နှစ်ကြိုး စသည်တို့မှ ၀တ္ထုတိုများသည် စူးကနဲ့ ခံစားမှုမျိုးကို ပေးသည်။ ဥတ္တရလမင်း ၀တ္ထုတိုများသည်လည်း စာပေရသ အားကောင်းသည်။ ဟံသာဝတီ ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” ကို ကျွန်တော် ဖတ်ရတော့ မြသန်းတင့်ကို သတိရသည်။ သူတို့ ခေတ်က အရေးအသာကို ပြန်လည် တွေ့ရသည်။ ရဲရင့်သည်။ ခိုင်မာသည်။ ရှင်းလင်းသည်။ စကားလုံးကြွယ်ဝသည်။ စာပေစိစစ်ရေး ဟူုသော တံတိုင်းအောက်တွင်မူ ထိုကဲ့သို့ စကားလုံးများသုံးခွင့်မရနိုင်ပေ။
သခင်ကိုယ်တော်မှိုင်း မှ အစပြုပြီး သခင်အောင်ဆန်း၊ သခင်နု၊ သခင်သိန်းဖေတို့ အစပြုသည့် နိုင်ငံရေးသမားများ၊ ပီမိုးနင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ လူထုဦလှ၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ် စသည့် စာပေပညာရှင်များ ၊ မြို့မငြိမ်း ၊ရွှေတိုင်ညွန့် စသည့်အနုပညာရှင်များ သည် အမျိုးသားလွတ်မြောက်ရေးကို ကြိုးပမ်းခဲ့သော်လည်း သူတို့ မြင်ချင်သည့် တိုးတက်ဖွံဖြိုး အေးချမ်းသော မြန်မာပြည်ကြီးကား ယနေ့ခေတ်တွင်ပင် မဖြစ်သေးပေ။ စာပေလွတ်လပ်မှု ပညာရေးအဆင့်အတန်းများသည် တစ်ခေတ်ထက်တစ်ခေတ် နိမ့်ကျလာသည်မှာလည်း ယနေ့ခေတ်သည့် အနိမ့်ကျဆုံးအခြေအနေတွင်ရှိနေသည်။ အင်္ဂလိပ်စာတွင် အသံထွက်အသုံးအနှုန်း နိမ့်ကျလာသည်သာမက မြန်မာစာတွင်ပင် အဆင့်အတန်း နိမ့်ကျလာသည်။ ပထ၀ီ၊ သမိုင်း စသည့် ၀ိဇ္ဇာဘာသာရပ်များတွင်သာမက သင်္ချာ၊ဇီဝ၊ ဓာတု၊ ရူပ စသည့် သိပ္ပံဘာသာရပ်များလည်း နိမ့်ကျလာသည်။ ၁၉၉၀ လောက်က နိုင်ငံတကာက အသိအမှတ်ပြုသော YIT စက်မှုတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ပညာရေးအဆင့်အတန်းသည်ပင် နိမ့်ကျလာနေသည်။
တစ်ခေတ်ထက် တစ်ခေတ် နိမ့်ကျလာသည်ဟု ကျွန်တော်က ဆိုလျှင် NASA တွင် ကျောင်းတက်ခွင့်ရသော ကျောင်းသားတို့ ၊ နိုင်ငံတကာရှိ တက္ကသိုလ်များ ကျောင်းများတွင် အောင်မြင် ထူးချွန်နေသော ကျောင်းသားများ ၊ အင်တာနက်မှ အစပြုကာ ကမ္ဘာနိုင်ငံများကို အဆက်အသွယ်လုပ်ခွင့်ရှိလာခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး အတွက် တံတားများ များလာခြင်းကို ထောက်ကာ တိုးတက်နေသည်ဟု အတင်းအကန် ငြင်းပါက ငြင်းနိုင်ပါသည်။ ခေတ်မှီတိုးတက်နေပါသည် ဟု ဆိုက ဆိုနိုင်ပါသည်။ သို့သော် ထိုသို့သော လုပ်ပိုင်ခွင့် ရပိုင်ခွင့်ရှိသူမှာ လက်တစ်ဆုပ်စာ လူတန်းစာပင်ဖြစ်သည်။ နိုင်ငံပညာရေးအခြေအနေ မကောင်းသောကြောင့် ပညာရေးသည် ဘ၀အာမခံချက်မပေးသောကြောင့် နိုင်ငံခြား တိုင်းပြည်များသို့ထွက်ကာ ပညာသင်ကြားခြင်း ဖြစ်သည်ကို ဂရုပြုသင့်သည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲခဲ့သော်လည်း ခိုင်မာသည့် ပညာရေးစနစ်ကို မပြောင်းလဲပဲ ဆက်လက်ကျင့်သုံးခဲ့ခြင်းကြောင့် ယနေ့ကမ္ဘာ့ ပြောင်းလဲမှုတွင် ရှေ့တန်းမှ ပါဝင်လာနိုင်သည်ကို အတုယူသင့်သည်။
ကျွန်တော်တို့သည် ကိုယ့်လူမျိုးအပေါ် ကိုယ် အထင်ကြီးကြသည်။ တချိန်က ယိုးဒယားကို တိုက်ခိုက်ခဲ့တာကို ဂုဏ်ယူနေကြဆဲဖြစ်သည်။ တချိန်က ပုဂံနိုင်ငံတော်ကြီးထူထောင်ခဲ့သည်ကို ပြောမဆုံးသေးပေ။ ဦးသန့်အကြောင်းကို ဂုဏ်ယူစွာနှင့် ခေါင်းမော့ပြောနေဆဲပင်။ အမှန်တကယ်တော့ ကျွန်တော့်အဘွားပြောသကဲ့သို့ ဆုတ်ကပ် တွင်းမှာရောက်နေခြင်းကို သတိမပြု လက်မခံနိုင်သေးပေ။ မာနကြီးတခွဲသားနှင့် မာန်တင်းနေဆဲ တကယ်မှာက အထည်ကြီးပျက် ဖြစ်နေလေပြီ။ အရာရာကို ပြင်ဖို့ဆိုသည်မှာ မလွယ်လှပေ။ ပြုပြင်သည် ဆိုသည်မှာ လက်ရှိအခြေအနေက မကောင်းဟု အရင် လက်ခံရမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိအစိုးရသည် အမှန်တရားကို လက်မခံနိုင်ခြင်းကြောင့် ကမူးရှူးထိုး ဖြစ်ကာ တိုင်းပြည်နှင့်ပြည်သူ အား ဆင်းရဲခြင်းတွင်းမှ မလွတ်မြောက်စေပဲ ဖြစ်နေတော့သည်။
ကိုငယ်
(မန္တလေး)
၂၀၁၀ လမ်းပြကြယ် စာကြည့်တိုက် နှစ်ပတ်လည်စာစောင်မှ
No comments:
Post a Comment