Saturday, October 23, 2010

အန္တရာယ်ကင်း မြှားသုံးချက်နည်း

မြှားသုံးချက်နည်း

ဒီရက်ပိုင်းစာရေးမယ်လို့ အတွေးတွေ ရောက်ရောက်လာပြီး စာရေးစာပွဲနဲ့ ကွန်ပြူတာရှေ့မရောက်ဖြစ်တာနဲ့ မရေးဖြစ်ခဲ့ဘူး။ အခုတော့ မနက်စောစော လေးနာရီထိုးတော့ မျက်လုံးကြောင်ပြီး နိုးလာတာနဲ့ စာရေးဖို့ ပြင်ဆင်လိုက်မိတယ်။ စာရေးမယ်ဆိုရင် အခုတလော ရေးစရာတွေက အများကြီးပဲ။ ရွေးကောက်ပွဲအကြောင်း ၊ စင်္ကာပူမှာ မြူတွေဝေတဲ့ အကြောင်း၊ စင်္ကာပူရဲ ပတ်တရောင်နဲ့ တစ်နာရီနီးပါး အစစ်အဆေးခံနေခဲ့ရတဲ့ အကြောင်း၊ အဲ တနေ့က လောလောလတ်လတ် ပြောင်းလဲလိုက်တဲ့ မြန်မာနိုင်ငံတော် အလံနဲ့ သီချင်းအကြောင်း စုံလို့ပါပဲ။ ဒါပေမယ့် အခုတကယ်တမ်းရေးမယ်လို့ ကွန်ပြူတာပေါ်လက်တင်လိုက်တော့ တလောက ဆိုင်ကယ်အက်ဆီဒင့် ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကို စဉ်းစားမိတယ်။ ဒါကြောင့် ကျွန်တော်သိထားတဲ့ မြှားသုံးချက် နည်းလမ်းကို ပြန်လည် မျှဝေဖို့ တွေးမိလိုက်တယ်။

စင်္ကာပူမှာ ယာဉ်မောင်းတဲ့ မြန်မာတွေဟာ တနေ့တခြား တိုးပွားလာပါတယ်။ ကုမ္ပဏီတွေက ပေးတဲ့ကားကို မောင်းကြတဲ့သူတွေရှိသလို ကိုယ်ပိုင်ကားဝယ်စီးတဲ့သူတွေလည်း ရှိပါတယ်။ ဆိုင်ကယ်ကိုတော့ ဈေးသက်သာတဲ့အတွက်ကြောင့် အန္တရာယ်များပေမယ့် ၀ယ်စီးကြတဲ့ မြန်မာတွေ ပိုများလာပါတယ်။ ယာဉ်မောင်းရင် သတိထားရသလို စိတ်မလောဖို့လဲ အရေးကြီးပါတယ်။ အရက်သောက်ထားရင်တော့ လုံးဝမမောင်းတာက အကောင်းဆုံးပါ။ အရက်သောက်ဖြစ်စေနိုင်မယ့် မင်္ဂလာဆောင်တို့ ပါတီပွဲတို့ သွားရင် စီးတော်ယာဉ်ကို မယူသွားတာက အန္တရာယ်ကင်းပါတယ်။ ဒီလိုတွေကြားထဲက စင်္ကာပူမှာ ယာဉ်တိုက်မှုတွေ ရှိနေဆဲပါ။ အံသြဖို့ကောင်းတာက ယာဉ်တိုက်မှုတွေထဲမှာ စင်္ကာပူရဲ့ လမ်းဆုံမီးပွိုင့်တွေမှာ ဖြစ်တဲ့ အက်ဆီးဒင့်က ရာနှုန်းအများဆုံးဖြစ်နေတာပါပဲ။ အရက်လဲမမူးပေမယ့် မီးဝါနဲ့ မီးနီအပြောင်းမှာ အကွေ့ယာဉ်နဲ့ အတည့်ယာဉ်တွေ အက်ဆီးဒင့်ဖြစ်တတ်ပါတယ်။ ဆိုင်ကယ်စီးစီး ကားစီးစီး ဒီမြှားသုံချက်နည်းကို သိထားရင် မီးပွိုင့်တွေမှာ ဖြစ်တဲ့ အက်ဆီးဒင့်ကို ကာကွယ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

နည်းလမ်းက..

စင်္ကာပူမှာရှိတဲ့ လမ်းဆုံမီးပွိုင့်တွေမှာ မီးပွိုင့်မရောက်ခင် မှာ မြှားအဖြူရောင်လေး သုံးချောင်းကို ယာဉ်မောင်းသူတွေရဲ့နေရာကနေ ရှေ့နောက်တန်းစီထားတာကို တွေ့ရတတ်ပါတယ်။ အဲဒီမြှားတွေဟာ လမ်းညွှန်ဖို့အတွက် အတည့် ဘယ်ကွေ့ ညာကွေ့ သင်္ကေတကိုတော့ ယာဉ်မောင်းသူတိုင်း သိမှာပါ။ ပထမလမ်းကြောင်းဖြစ်တဲ့ အမြန်မောင်းလမ်းကြောင်းကို မီးပွိုင့်နားမှာ ယူထားရင် သူက ညာကိုကွေ့တော့မှာဖြစ်တယ်။ ဘယ်ကွေ့သမားဆိုရင်တော့ မီးပွိုင့်ထိသွားစရာမလိုပါဘူး။ ဘယ်ကွေ့လမ်း သတ်သတ်ပေးထားလေ့ရှိပါတယ်။ ကိုယ်က တည့်တည့်သွားမယ့်သူဆိုရင် ကိုယ်နဲ့ မျက်နှာချင်းဆိုင်က လာတဲ့ ညာကွေ့ကားဟာ မီးဝါကနေ မီးနီအပြောင်းမှာ ကွေ့မှာပါ။ အဲဒီတော့ မီဝါဖြတ်လို့ အရှိန်မထိန်းနိုင်ရင် တိုက်နိုင်ပါတယ်။ မီးဝါ ဖြတ်သင့်မသင့်ကို များသောအားဖြင့် ယာဉ်မောင်းသူတွေ တွေဝေတတ်ပါတယ်။ အဲဒီမှာ မြှားသုံးချက်နည်းကို သုံးပါ။

ပထမမြှားကို ကိုယ်ရောက်တဲ့အချိန်မှာ မီးဝါရင်တော့ အေးအေးဆေးဆေးပါ။ အရှိန်ထိန်းပြီး ရပ်လိုက်ရုံပါပဲ။ ဒုတိယမြှားကို မရောက်ခင် မီးဝါရင် ဖြတ်ဖို့ မကြိုးစားပါနဲ့တော့ အန္တရာယ်များပါတယ်။ အရှိန်ပါတဲ့ယာဉ်ကို ရပ်ဖို့ ရှေ့မီးပွိုင့်နဲ့ ကပ်ရပ် နောက်ဆုံးတတိယမြှားက ကားတစ်စီးစာလောက် ပေးထားတဲ့အတွက် ဘရိတ်ဆွဲဖို့လုံလောက်ပါတယ်။ နောက်တစ်ချက်ကတော့ ဒုတိယမြှားကိုကျော်ပြီး မီးဝါရင်တော့ ကြိုးစားပြီး အရှိန်နည်းနည်းတင်ပြီး မီပွိုင့်ကို ဖြတ်ပါ။ နောက်ဆုံးတစ်ချက်က တတိယမြှားကိုရောက်လို့ မီးဝါရင်ကတော့ ပုံမှန်အတိုင်း ဖြတ်သွားပါ။

အကောင်းဆုံးကတော့ သတိထားပြီး အရှိန် မများတာပါ။ အန္တရာယ်အကင်းဆုံးပါ။ ကိုယ့်ယာဉ်ကို မမှားအောင် သတိထားဂရုစိုက်သလို သူများမှားမယ့် လမ်းကြောင်းကို ပါ ကြိုပြီး ဂရုစိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲလို ဂရုစိုက်နိုင်ဖို့က အစောကရေးခဲ့သလို အရှိန်မများတာ အကောင်းဆုံးပါ။ အရင် အစမ်းသုံးကြည့်ပါ။ လက်တွေ့စမ်းကြည့်ပါ ။ ကိုယ်နဲ့ အဆင်ပြေမယ်ထင်သလို ညှိယူကြည့်ပါ။ “သင်ချစ်တဲ့သူတွေအတွက် အိမ်ကိုပြန်ရောက်ဖို့ အရှိန်မလွန်ပဲ ဂရုစိုက်မောင်းကြပါ” လို့ သတိပေးရင်း ကျွန်တောသိထားတာလေးကို မျှဝေလိုက်ပါတယ်။

ကိုငယ်(မန္တလေး)

Sunday, August 29, 2010

စင်္ကာပူကိုမြင်တဲ့ကျွန်တော့်အမြင် (၁)

ကျွန်တော် ဘလောက်ပို့စ်တစ်ခုကို ဖတ်လိုက်ရတော့ စာရေးချင်လာပြန်ပါတယ်။ တောင်ရောမြောက်ရောက်စာစုများထဲက ဘောင်ခတ်ထားသောအတွေးများ နဲ့တလောက ဆရာမောင်ဝံသရဲ့
ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်မိတော့ ကျွန်တော်စိတ်မှာ အတွေးတွေဝင်ရောက်လာတယ်။ ဆရာမောင်ဝံသ ဆောင်းပါးက စင်္ကာပူမှာ ဗိုက်ကြီးသည်တစ်ယောက်က တန်းစီနေစဉ်မှာ လူတစ်ယောက်က အတင်း တိုးဝှေ့ကျော်တက်သွားတာကို ရေးထားပြီး စင်္ကာပူနိုင်ငံသားတွေ မယဉ်ကျေးပုံနဲ့ တကိုယ်ကောင်းဆန်ပုံအကြောင်းကို ဖော်ပြထားပါတယ်။ မြန်မာအများစုက ကြိုက်ကြပုံရပါတယ်။ Facebook မှာ တင်ထားတဲ့ ဆရာမောင်ဝံသဆောင်းပါးရဲ့ လင့်မှာ ကွန်မန့်တွေအများကြီးလည်းတွေ့ရတယ်။ ကျွန်တော်က အဲဒီကတည်းက စာရေးချင်နေတာ အခု “ဘောင်ခတ်ထားသော အတွေးများ”ကို တွေ့မှပဲ ရေးဖြစ်တော့တယ်။

ဆရာမောင်ဝံသရဲ့ဆောင်းပါးထဲမှာပါသလို အဖြစ်အပျက်မျိုးက ကျွန်တော်စင်္ကာပူမှာ ဆယ်နှစ်နေခဲ့ပြီးပါပြီ အခုလဲနေနေဆဲပါ။ မကြုံကြိုက်မိလို့ မသိဖူး မတွေ့ဖူးပါဘူး။ ဆရာမောင်ဝံသက စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူ့သမီးဆီကလည်း စင်္ကာပူနိုင်ငံသားတွေအကြောင်းကြားသိရပါတယ်လို့ရေးထားပါတယ်။

ကျွန်တော်ကတော့ သူတို့တွေ ရဲ့ ယဉ်ကျေးမှု အပြုအမူလို့ မြင်ပါတယ်။ ယဉ်ကျေးမှုမတူတဲ့ အပေါ်မှာ မူတည်ပြီး အမြင်တွေကွဲပြားနိုင်ပါတယ်။ ပန်းချီဝသုန်ရေးတဲ့ ၀တ္ထုလေးတစ်ပုဒ်လို့ထင်ပါတယ်။ ဘုရားပန်းချီကားတစ်ကားဆွဲထားတာကို ၀ယ်မယ့်သူ နိုင်ငံခြားသားက ခြေထောက်နဲ့ ညွှန်ပြလို့ ပန်ချီဆရာက စော်ကားတယ်လို့ထင်ပြီးမရောင်းတော့တဲ့ ၀တ္ထုလေးပါ။ ကျွန်တော် စင်္ကာပူရောက်စက စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ပါတယ်။ စူပါဗိုက်ဇာ က ခြေထောက်နဲ့ ပစ္စည်းညွှန်ပြတတ်တယ်။ လုပ်သက် တစ်လနှစ်လလောက်ကြာတော့ သတိထားမိတာက သူတို့ခြေထောက်နဲ့ညွန်ပြတဲ့ အရာတွေက နိမ့်တဲ့နေရာပိုင်းက အရာတွေဖြစ်တယ်။ အပေါ်ပိုင်းက အရာတွေကိုတော့ လက်နဲ့ညွှန်ပြပြီးပြေပါတယ်။ အဲဒီမှာ သူတို့တွေမှာ ခြေထောက်နဲ့ ညွှန်တာက ရိုင်းတယ်လို့ မသတ်မှတ်တဲ့ အမြင်ကို သတိထားမိတယ်။ တောသားတွေ အော်ကြီးဟစ်ကျယ်စကားပြောတာကို ရိုင်းတယ်လို့ ထင်တဲ့ မြို့သားတွေလိုပေါ့။

ကျွန်တော်တို့ မြန်မာအများစုက စင်္ကာပူမှာ အလုပ်လုပ်နေပေမယ့် စင်္ကာပူရဲ့တိုးတက်မှု စနစ်ကျမှုတွေကို အားကျမိပေမယ့် စင်္ကာပူလူမျိုးတွေကိုတော့ မြင်ပြင်းကပ်လေ့ရှိပါတယ်။ စင်္ကာပူရဲ့ တင်းကြပ်လှတဲ့ လူဝင်မှု ကြီးကြပ်ရေးကြောင့် အလုပ်ရပြီး လုပ်ခွင့် နေခွင့် မရတာတွေ၊ စင်္ကာပူကိုရောက်ပြီး လေဆိပ်မှ ပြန်လှည့်သွားရသူတွေ၊ လူမှုရေးနားမလည်တတ်တဲ့ စင်္ကာပူလူမျိုး အထက်လူကြီးတွေ အပေါင်းအသင်းတွေ ကို ကြုံရတဲ့ အခါမှာ ကိုယ်ကို ကြီးကျယ်တဲ့ အတိတ်သမိုင်းနဲ့ယဉ်ကျေးမှုတွေနဲ့နေလာခဲ့တဲ့ မြန်မာလူမျိုး ကျွန်တော်တို့တွေ စလုံးနဲ့စလုံးနိုင်ငံသားတွေကို အမြင်ကပ်တာ မဆန်းပါဘူး။

စလုံးတွေအနေနဲ့ကတော့ အစိုးရက စပြီး အကျိုးအမြတ် တွက်လေ့ရှိပါတယ်။ မြန်မာပြည်က ကျောင်းသားတွေ ၊ အလုပ်သမားတွေ ခေါ်သွင်းလာတော့လည်း အကျိုးအမြတ်ပါပါတယ်။ စလုံးမှာ လူတွေများလာတော့ ၀င်ခွင့်တွေ အလုပ်လုပ်ခွင့်တွေ ကြပ်တာလည်း သူ့နိုင်ငံသားတွေရဲ့အကျိုးအမြတ်ကို ကာကွယ်တာပါ။ မြန်မာ အိမ်ဖော်ဈေးကွက်ကိုလည်း စလုံးက စပြီး ဖော်ခဲ့တာပါပဲ။ သူ့တို့တွေရဲ့ အမြင်မှာက စီးပွားရေးပါ။ မြန်မာပြည်တိုးတက်ဖို့ ဆိုတာမျိုးကို စိတ်လည်းမ၀င်စားပါဘူး။ ဘယ်နိုင်ငံနဲ့နေနေ စီးပွားရေးအကျိုးအမြတ်ရဖို့ကိုသာ စိတ်ဝင်စားပါတယ်။ ဒါကို ကျွန်တော်တို့ မြန်မာတွေ နားလည်ဖို့လိုပါတယ်။

ကျွန်တော်ရောက်စကပါပဲ။ ကျောင်းမှာ အင်တာနေရှင်နယ် ကျောင်းသားတာဝန်ခံက စကားပြောတော့ “မြန်မာတွေက ဖော်ဖော်ရွေရွေမရှိ တသီးတခြားနေကြတယ်။ အခု ဒီကိုရောက်လာတဲ့အချိန်မှာ အဲလိုမနေပါနဲ့” လို့ ပြောတော့ ကျွန်တော်တို့တွေ စိတ်တိုလိုက်ကြတာ။ ကျွန်တော်တို့ သိထားတာက မြန်မာဆိုတာ ဖော်ရွေတယ်။ ပျော်ပျော်ရွင်ရွင် စည်းစည်းလုံးလုံးနေတတ်တယ်။ ဒါပေမယ့် အဲဒီအချိန်က နိုင်ငံတကာရဲ့ အမြင်မှာ ဦးနေ၀င်းရဲ့ တံခါးပိတ်ဝါဒကြောင့် “မြန်မာဟာ တသီးတခြားနေတယ်”ဆိုတာဖြစ်နေတယ်။ နောက်မှ သမိုင်းစာအုပ်တွေဖတ်ကြည့်မှ အဲလိုတွေရေးထားတာကိုတွေ့ရတယ်။ ဒါတွေကို တိုင်းပြည်ထဲမှာနေတုန်းက သိမှာမသိတာ။

ကျွန်တော်တို့တွေ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လာလုပ်တယ်။ ကျောင်းလာတက်ကြတယ်။ အများစုက တချိန်မှာမြန်မာပြည်ကို ပြန်ကြမှာပါပဲ။ အနည်းငယ်ကသာ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချကြမှာပါ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာပြည်ကို ပြန်တဲ့ အချိန်မှာ ဘယ်နေရာတွေမှာ အတုယူသင့်တယ်။ ဘယ်အပြုအမူတွေက ကောင်းတဲ့ အကျင့်တွေ၊ ဘယ်ဟာတွေကတော့ မကောင်းဘူး ဆိုတာသိပြီး အသုံးချဖို့လိုပါလိမ့်မယ်။ သူများကို ဘောင်ခတ်မကြည့်သလို ကိုယ့်ကိုကိုယ်လဲ မျက်ကန်းမျိုးချစ်စိတ်များနဲ့ ဘောင်ခတ်မကြည့်တတ်ဖို့ လိုပါလိမ့်မယ်။

Thursday, August 12, 2010

တကာကြီး

ကျွန်တော်ငယ်ငယ်က အမေက “ဖိုးလေးငယ်”ဟုခေါ်သည်။ ယခုလည်း တွေ့တိုင်း နဖူးကို အသာအယာနမ်းကာ “ဖိုးလေးငယ် နေကောင်းလား” ဟု မေးတတ်တုန်းပင်။ ကျွန်တော် အိမ်နာမည် “ငယ်လေး၊ အငယ်လေး” ဖြစ်သော်လည်း သူငယ်ချင်းများက “သောင်းကြီး”ဟုခေါ်လေ့ရှိသည်။

ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ညီမ ၀မ်းကွဲလေးက ကျွန်တော့်ကို “ကိုငယ်”ဟုခေါ်သည်။ ချစ်သူက “ကောင်လေး” ဟုခေါ်သည်။

စင်္ကာပူရောက်စက သူငယ်ချင်းများက “အငယ်လေး”ဟုသာ ခေါ်သည်။ နာမည်အရင်း ကျောင်းနာမည်ကို လည်း ခေါ်လေ့ရှိကြသည်။ အတန်းကြီးလာတော့ “ကိုငယ်လေး” ဟု အတန်းငယ်သူများက ခေါ်ကြသည်။

ကျောင်းမှ ကျောင်းသားများ ၀ါဆိုသင်္ကန်းကပ်မည်ဆိုသောကြောင့် ဘုန်းကြီးကျောင်းသို့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သူ ကျွန်တော်ရောက်ခဲ့သည်။ စားသောက်ပြီး တရားနာပြီးသောအခါ ညပိုင်းအလုပ် လုပ်ရမည်သောကြောင့် အလုပ်နှင့် နီးသော ဘုန်းကြီးကျောင်းတွင်ပင် တရေးအိပ်ရန် ကျောင်းတွင် ကပ္ပိယ လုပ်နေသော သူငယ်ချင်းကို ပြောမိသည်။ ထိုသူငယ်ချင်းက ဦးပဉ္ဖင်းများ နားနေရာ အခန်းသို့ ခေါ်သွားကာ နေရာချထားပေးသည်။ တရေးလောက်မှေးနေစဉ်မှာပင် ခန်းနေ ဦးပဉ္ဖင်း ၀င်လာကာ
ဝါဆိုသင်္ကန်းကပ်ပွဲအတွက် သင်္ကန်းများပြင်ဆင်သောကြောင့် ကျွန်တော် အိပ်လို့မရတော့ပေ။ ဦးပဉ္ဇင်းက “တကာကြီး.. အားမနာနဲ့ အိပ်.. အိပ်” လို့ပြောပါသည်။ ကျွန်တော် မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်တော့ပေ။ ပိတ်ထားသော မျက်လုံးနှင့် ပွင့်နေသော စိတ်နှလုံးတွင် အဖေ့ကို မြင်နေမိသည်။ ငယ်ငယ်က ကြားခဲ့ဖူးသည်က “တကာကြီး”ဆိုသည်နှင့် “အဖေ၊ လေးလေး” တို့အရွယ်ကို ခေါ်သည်မဟုတ်ပါလား။ အခု ကျွန်တော်ကိုယ်တိုင် “တကာကြီး” ဖြစ်နေပါရောလား။

Monday, June 28, 2010

အသက် ၃၀ ပြည့် နေဘုန်းလတ်အတွက်

ဟေ့ကောင်ကြီး..

အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ကြီးလို့ လာပြီကွး)

တကယ်ဆို သေဖို့ရာ တစ်ရက်ပြီးတစ်ရက် နီးလာတယ်ပေါ့။ ပေးဆပ်ရမယ့်သူတွေကပေးဆပ်ရမှာပဲ။ အသိနဲ့ သတိရှိဖို့ ပဲလိုတယ်။ ဒေါသတွေ မောဟတွေ မလွှမ်းဖို့ အရေးကြီးတယ်။ အေးအေးချမ်းချမ်းပါပဲ။ စိတ်တွေကို ငြိမ်းချမ်းအောင်ပဲထားပါ..။ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ..။ မွေးနေ့ဆိုတော့လဲ Happy Birthday လို့ နှုတ်ဆက်တဲ့ ဓလေ့ကြောင့်မို့ ပြောရမှာ။ ငါကတော့ ငြိမ်းချမ်းတဲ့ စိတ်နဲ့ အေးငြိမ်းပါစေလို့ပဲ ဆုတောင်းတယ်။ လွတ်လပ်ခြင်းတွေနဲ့ အမြန်ဆုံး ဆုံစည်းပါစေ.. သူငယ်ချင်း..

မင်းရဲ့

Thursday, March 11, 2010

လွတ်နေသော လူတစ်ယောက်နှင့် မနက်စာ စားခြင်း

မနက်စောစော.. စောစောသာဆိုသည် ၁၀ နာရီ ခွဲလောက်ရှိ နေပြီ။

စာကြည့်တိုက်မှ ထွက်ကာ မနက်စာ စားရန် Mac, KFC, Long John တို့ကို လိုက်ကြည့်မိသည်။ မနက်စာဆိုသော်လည်း ဗိုက်ပြည့်တာ စားချင်သည်။ ထိုဆိုင်တွေက ရောင်းသည့် မနက်စာသည် ဗိုက်မပြည့်ပေ။ လေးထပ်ရှိ Food Court ကို တက်ပြီး စားစရာလိုက်ရှာသည်။ အုန်းထမင်းနှင့်ကြက်သားကြော် စားရင် ဗိုက်ဝသော်လည်း အုန်းထမင်းကို မစားချင်။ ခေါက်ဆွဲပြုတ်ဆိုင်တွေ့သောကြောင့် ခေါက်ဆွဲပြုတ် တစ်ပွဲမှာလိုက်ကာ ကော်ဖီတစ်ခွက်နှင့် စားပွဲတစ်လုံးတွင် ထိုင်ကာ စားသောက်လိုက်သည်။

စားနေစဉ်မှာပင်..

အမျိုးသမီးတစ်ယောက်ကြီး တစ်ယောက်က ကျွန်တော့် စားပွဲတွင် သူ၏ ထမင်းပန်းကန်ကို ချကာ ကော်ဖီသွားဝယ်သည်။ ပုံမှန်ဆိုလျှင် ခုံတစ်ခုံ၌ လူရှိနေလျှင် လူရှိသလား ထိုင်လို့ရမလားဟု မေးကြသည်။ ဘေးတွင်လည်း စားပွဲအလွတ်တွေ အများကြီးရှိသည့် ကြားမှ ကျွန်တော်ခုံတွင် လာထိုင်တော့ “ဘာလိုလဲ ဟ” ဟု စဉ်းစားမိသည်။ ကော်ဖီခွက် ကိုင်ပြီး ပြန်လာကာ စားပွဲတွင် ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ညာဘက် တစ်ခုံကျော်တွင် ထိုင်ပြီး ထမင်းစားလေတော့သည်။

ထိုမိန်းမကြီးက ထမင်းစားနေစဉ် စကားများပြောနေသည်။ တရုတ်လိုဖြစ်သောကြောင့် လုံးစေ့ပတ်စေ့ နားမလည်..။ စားပွဲတွင် ကျွန်တော်ရှိနေသည်ကိုလည်း သူ သတိမပြုမိပေ။ တချက် တချက် ရယ်နေသည်။
သူ့စကားသံ နှင့် ရယ်သံကြောင့် ဘေး ၀ိုင်းမှ သူများက ကျွန်တော်တို့ စားပွဲဝိုင်းကို လှမ်းကြည့်ကြသည်။

ကျွန်တော်သူ့ကို သေချာကြည့်မိသည်။ အသက် ငါးဆယ်ကျော် လောက်ရှိပေမည်။ တစ်ယောက်တည်း စကားပြောတာလား ဖုံးပြောတာလားဆိုတာ သေချာအောင် လည်း ကြည့်ရသေးသည်။ တချို့က နားကြပ်တပ်ကာ စကားပြောတတ်သည်။ နားကြပ်ကြိုးလည်း မတွေ့ရသောကြောင့် တစ်ယောက်တည်း စကားပြောနေသည်ဟု ယူဆလိုက်သည်။ ဤ နိုင်ငံတွင် ထိုသို့သော လူများကို မကြာခဏတွေ့ရလေ့ရှိသည်။

ထိုသို့ ယူဆမိလိုက်ချိန်တွင် ထီထိုးရန် ကျွန်တော်သတိရသည်။ အရူးတွေ လာ ဖက်ရင် အရူးက ကိုယ့်ကို လာ စကားပြောရင် ကံကောင်းသည်ဆိုသော စကားကို သတိရလိုက်သောကြောင့်ဖြစ်သည်။ တစ်ချက်တစ်ချက် လောင်ကုန်း ဆိုတဲ့ စကားကို ကြားလိုက်သောကြောင့် ယောက်ျား..ယောက်ျား လို့ ပြောတာလို့ ထင်မိသည်။
သူက စိတ်ကူးထဲမှာ သူ့ယောက်ျားနဲ့ တွေ့ပြီး စကားပြောနေတာလား..။ သူ့ယောက်ျားက သေသွားလို့လား.. ။ သူ့နားထဲမှာ အသံတွေကြားနေရလား..။

တရားထိုင်နေစဉ်တွင် အရိပ်တွေ စကားလာပြောတတ်သည်။ အရိပ်တွေ မြင်ရတတ်သည်။ တရားပြဆရာတို့က အဲဒီအရိပ်တွေ နောက်ကို မလိုက်ဖို့ ပြောတတ်သည်။ အထူးသဖြင့် အရိပ်တွေကို မြင်ရချိန်သည် ပူဆွေးသောက အားကြီးသူတို့တွင်ဖြစ်သည်။ ယောက်ျားဆုံးသွားသောအခါ မိန်းမက တရားစခန်း ၀င်သည်။ တရားထိုင်နေစဉ် လင်ယောက်ျားနှင့် ငယ်စဉ်က နေခဲ့သည်များကို မြင်ယောင်လာမည်။ ထို အရိပ်များကို စကားပြောမိသော် ကိုယ်တစ်ယောက်တည်း စကားပြောသကဲ့သို့ဖြစ်လာသည်။ ထိုသို့ပြောနေရခြင်းတွင် သာယာသည်။ တကယ် မရှိသော အရာတို့ကို စိတ်တွင်းမှ ထင်ယောင်ကာ ပြောမိခြင်းဖြစ်သည်။

ထို အမျိုးသမီးကြီးကို ကြည့်ကာ ကျွန်တော်စဉ်းစားနေခြင်းသာ ဖြစ်သည်။ သူ ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ ထိုင်ခုံတွင် ကျွန်တော်ရှိနေတာကိုလည်း သတိပြုမိပုံမပေါ်ပေ။ သူ့စိတ်ကူးနှင့် သူ ဒိုးနေသည်။ လွတ်နေသူတစ်ယောက်လို့ သဘောထားကာ စိတ်ချမ်းသာပါစေလို့ စိတ်ထဲမှ ရေရွတ်မိသည်။

ခေါက်ဆွဲပြုတ်စားပြီးကာ ကော်ဖီလည်း သောက်ပြီးပြီ။ ကျွန်တော် ပြန်ရန် ခြေလှမ်းပြင်ဆင်ရတော့သည်။ ထိုင်ခုံမှ ထကာ ထိုအမျိုးသမီးကြီး၏ ဘေးဘက်တစ်ခြမ်းမှ လျှောက်ကာ စက်လှေကားရှိရာသို့ ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီး ကျွန်တော်လုပ်နေကျ ထုံးစံအတိုင်း “ထသွားပြန်ကြည့် သတိရှိ” ဆိုသလို ပစ္စည်းကျန်ခဲ့မည်စိုး၍ စားပွဲရှိရာသို့ ပြန်ကြည့်လိုက်မိသည်။

လွတ်နေတာ သူ မဟုတ်ဘဲ ကျွန်တော်ဖြစ်နေကြောင်းကို ရုတ်တရက် မြင်လိုက်သည်။

ထိုအမျိုးသမီးကြီး၏ ဘယ်ဘက်နားတွင် ကြိုးမဲ့ ဘလူတု Blue tooth တပ်ဆင်ထားသောကြောင့်ဖြစ်သည်။


Sunday, March 7, 2010

ကျွန်တော်၊ TP မြန်မာ သင်္ကြန် နှင့် အင်းလေး စပွန်ဆာ

ဒီနှစ် TP သင်္ကြန်လုပ်မည့်ရက် စနေနေ့သည် နေ့ဆိုင်းညဆိုင်း ၃ ရက်လုပ် ၄ ရက်နား လုပ်ရသော ကျွန်တော်၏ လုပ်ရက်ဖြစ်နေသည်။ ကျွန်တော့် အလုပ်သည် တစ်နှစ်တွင် ရသော ခွင့် ၉ ရက် ကို တစ်လ ၀.၇၅ ရက် အရစ်ကျ ပေးအပ်သည်။ ထို့ကြောင့် ကျွန်တော့်တွင် လက်ကျန်ခွင့် တစ်ရက်ခွဲသာ ရှိသောကြောင့် သင်္ကြန်ပွဲ ပြုလုပ်သည့် ရက်တွင် စင်္ကာပူရှိ အလုပ်လုပ်သူများ လုပ်လေ့ရှိသည့်အတိုင်း ဆေးခွင့်ယူရန် စဉ်းစားရတော့သည်။

စင်္ကာပူတွင် ဆေးခန်းအများစုသည် ဆေးခွင့်ပေးကာ ၀င်ငွေရှာကြသည်။ ထိုဆေးခန်းများ၏ အပြစ်ဟုလည်းမဆိုသာပေ။ အချို့အရာများသည် ပတ်ဝန်းကျင်၏ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်းပင်..။ ဆေးခန်းလာသူများတွင် အမှန် နေမကောင်း၍ လာသောသူက နည်းပေသည်။ အများစုမှာ အနားယူချင်သည့် အချိန်များ၊ လုပ်စရာရှိသည်နှင့် တိုက်ဆိုင်ချိန်များတွင် ဆေးခွင့်ယူလေ့ရှိသည်။
ယခင်နှစ်ပတ်ကပင် စာမေးပွဲတစ်ခုရှိသောကြောင့် ဆေးခွင့် နှစ်ရက်ယူထားသော ကျွန်တော် ဆေးခန်းသွားလျှင် အကြောင်းပြဖို့ အကြောင်းအရာ စဉ်းစားရတော့သည်။

ခေါင်းကိုက်၊ ခြေကိုက်၊ လက်ကိုက်၊ နှာစေး၊ ချောင်းဆိုး၊ အိပ်မပျော်၊ ဗိုက်နာ၊ ၀မ်းလျှော၊ မျက်စိနာ စသည့် ရောဂါအခြေအနေတို့က ကျွန်တော်၏ လက်သုံး အကြောင်းပြချက်များပင်ဖြစ်သည်။ သည်တစ်ခေါက် မည်သို့ ဆရာဝန်ကို ပြောရပါမည်နည်း..။ ချောင်းဆိုးတာကတော့ ရှိနေသည်။

TP သင်္ကြန်.. ၂၀၁၀...

စပွန်ဆာ ပေးသည့် ကုမ္ပဏီအရေအတွက်များသည်။ ထိုအထဲတွင် အင်းလေး စားသောက်ဆိုင်မှ အစားအသောက်၏ တစ်ဝက်ကို စပွန်ဆာပေးသည်ဟု သိရသည်။ အင်းလေး စားသောက်ဆိုင်နှင့် ကျွန်တော်က ရင်းနှီးနေသည်မှာ ကြာလေပြီ.. မဆက်ဆံသည်မှာလည်း ကြာပြီ.. ဆိုင်ဖွင့်ပြီးကတည်းက ရောက်ခဲ့သည့်အကြိမ်ပေါင်းကို လက်ချိုးရေတွက်လို့ရသည်။ မကြိုက်ပါ..။ အစားအသောက် အရသာ ၊ ဆက်ဆံရေးညံ့ဖျင်းမှု ၊ ဖြစ်ကတတ်ဆန်း လုပ်တတ်မှု၊ ဈေးကြီးယူကာ တန်ဖိုးညီမျှသော ၀န်ဆောင်မှု မရရှိမှု တို့ကြောင့် ထို အင်းလေး စားသောက်ဆိုင်ကို မကြိုက်ပါ..။

ထို့ကြောင့် အင်းလေးမှ စပွန်ဆာပေးသည်ဆိုသည့် သတင်းစကား ကြားရသော်လည်း သိပ်အထင်မကြီးမိ..။ အစားအသောက်ဆိုင်များက ၀န်ဆောင်မှုမပါလျှင် အစားအသောက်၏ ၃၀ ရာခိုင်နှုန်းမျှသာ သူတို့၏ တကယ့်ကုန်ကျမှုစရိတ်ဖြစ်လေသည်။ ထို့ကြောင့် တစ်ဝက် စပွန်ဆာပေးသည်ဆိုကတည်းက ငါးကြင်းဆီနှင့် ပြန်ကြော်ခံလိုက်ရသော ငါးကြင်းတစ်ကောင်အဖြစ် TP မြန်မာ ကို မြင်မိလေသည်။ ထင်ထားသည့်အတိုင်းပင် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော အင်းလေးတံဆိပ် ကပ်ထားသော ထမင်းဘူးအတွင်းမှ ထောပတ်ထမင်းဆိုသော ထမင်းဖြူ မာတောင့်တောင့်ကြောင့် အခွံသာရှိပြီး အစေ့မအောင်သော နေကြာစေ့ကို စားလိုက်ရသလိုဖြစ်သွားသည်။

သင်္ကြန်ပွဲ အောင်မြင်စွာပြီးဆုံးသွားသည်ဟု ဆိုရပေမည်။ ပတ်စာခွာဖျာသိမ်းဆိုသလိုပင် TP သင်္ကြန်တိုင်းတွင်ဖြစ်သော်လည်း ယခုနှစ်ခွာရသည့် ပတ်စာသည် ခွာရ လက်ပေါက်ကပ်လှသည်။ အမှိုက်သိမ်းကုလားနှင့် သန့်ရှင်းရေး သမားလိုပင် မန်ဆာကန်တင်း ကို ကြမ်းတိုက်ခဲ့ရသေးသည်။ ကြောင်ချေးဆိုသော သူငယ်ချင်းတစ်ယောက် က ဘေးမှာရှိနေသောကြောင့် ကျောင်းတက်ချိန် စားသောက်ဆိုင် တစ်ခုတွင် အချိန်ပိုင်းအလုပ် တူတူလုပ်ခဲ့စဉ်က အကြောင်းကို ပြောရင်း ကြမ်းတိုက်ခဲ့ရသည်။

စောစောပြန်မယ်လို့စီစဉ်ထားသော်လည်း ၁၀နာရီခွဲမှ ပြန်ဖြစ်သည်။ ထိုအချိန်ထိ ကျွန်တော် ဆေးခွင့် မယူရသေးပေ။ ကျွန်တော့်အလုပ်တွင် ညဆိုင်းဆင်းရသည့် ရက်များတွင် ဆေးခွင့်ယူပါက နှစ်ရက်အတွင်း ယူဖို့ အချိန်ရသည်။ စနေယူဖို့ အချိန်တော့ မရတော့ပေ..။ တနင်္ဂနွေမှယူရတော့မည်ဟု စဉ်းစားထားသည်။ အကြောင်းအရာကိုတော့ စဉ်းစားလို့ မရသေးပေ။ အိမ်ပြန်ရောက်တော့ ရေစိုအ၀တ်နှင့် တစ်ညနေလုံးနေခဲ့သောကြောင့် ခေါင်းကိုက်လာသည် နှာချေလာသည်။ မနက်ဖြန် ဆေးခန်းသွားလျှင် အကြောင်းပြချက်ရပြန်ပြီလို့ စဉ်းစားမိသည်။

မနက် အိပ်ရာအထတွင် ဗိုက်တွင်းမှ ရစ်ကာ နာသည်။ အိမ်သာ သွားရသည်။ တစ်ခေါက်.. နှစ်ခေါက်.. သုံးခေါက်... ခဏနားရင်း စဉ်းစားမိသည်။ ဘယ်နေရာမှာ ဘာအစာ စားမိသလဲ။ ထမင်းမာမာကြောင့် မစားနိုင်ခဲ့ သော ထောပတ်ထမင်း၊ “ထမင်းဘူးတွေ ပိုနေတယ် အကို နောက်ထပ်ယူဦး” ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့စကားသံ၊ ထမင်းမစား နိုင်သောကြောင့် ဟင်းနှစ်ပွဲစာကို ထမင်းအဖြစ် အစားထိုး လိုက်သည့် ကိုယ့်ပါးစပ်.. နောက်ဆုံးတော့.. ကျွန်တော် ကိုယ့်ကို ကိုယ်ပဲ မြင်မိသည်။ သည်တပ်မက်ခြင်းတဏှာသည်ပင် ၀မ်းကိုက်ခြင်းဝေဒနာကို ပေးခဲ့ပေသည်။

သို့သော်.. အင်းလေး စားသောက်ဆိုင်ကို ကျေးဇူးတင်ရသည်။ ခဏနေ ဆေးခန်းသွားချိန်တွင် အကြောင်းပြချက်အသစ် တစ်ခု ခိုင်ခိုင်လုံလုံ ရလိုက်သောကြောင့်ဖြစ်သည်။


Thursday, March 4, 2010

စက္ကူ လိပ်ပြာ

စက္ကူလိပ်ပြာ..

အင်္ဂလိပ်စာနဲ့ရေးထားတဲ့ ၀တ္ထုဆို အပြီးထိမရောက်ခင် ရပ်ရပ်သွားတဲ့ကျွန်တော်ကို ဒီစာအုပ်က လက်ကမချနိုင်အောင် ဆွဲငင်ထားပါတယ်..

တရုတ်ပြည်ရဲ့ တန်အင်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုကို အခြေခံတဲ့ ၀တ္ထုတစ်ပုဒ်ပါ.. မပြီးသေးပါဘူး.. မနေ့ညက တစ်ညတည်းမှာပဲ စာအုပ် တစ်ဝက်ကျော်ကျော်ပြီးသွားတယ်.. အခုလဲ အိပ်ချင်နေပြီ..ဒါပေမယ့် ဖတ်ချင်နေတုန်းပဲ..

-------- xxxxx------------

ဒီနေ့ ဖတ်လို့ ပြီးသွားပါပြီ..

၁၉၈၉ ဇွန်လ ၄ ရက် တန်အင်မင်ရင်ပြင် အရေးအခင်းအပြီး ကျောင်းသားတစ်ယောက်ကို ထောင်ချလိုက်တဲ့ အဖြစ်နဲ့ စထားပါတယ်..

နောက် ၈ နှစ်အကြာမှာ ထိုကျောင်းသားက ထောင်က လွတ်လာတယ်..။ ဝေးလံလှတဲ့ ထောင်ရှိရာနေရာကနေ သူ့ အဖိုးရှိတဲ့ ပေကျင်းကို အပြန်ခရီးကို ခြယ်မှုန်းထားတယ်..။

ဒါပေမယ့် တကယ်ဇာတ်ကောင်က အလွတ်စုံထောက်သမား မေ ဆိုတဲ့ အမျိုးသမီးပါ..။ သူ့ကို ခိုင်လိ ဆိုတဲ့ အဆိုတော်မလေး တစ်ယောက် ပျောက်ဆုံးတဲ့ အမှုကို စုံစမ်းပေးဖို့ ခိုင်လိ ရဲ့ သူဌေးက အလုပ်အပ်ခဲ့တယ်..။ ခိုင်လိ က သူဌေးရဲ့ အပျော်မယားလို့ဆိုတယ်။ တိုက်ခန်းတစ်ခန်းကို သူမအတွက် သူဌေးက ပေးထားတယ်..။ အဲဒီတိုက်ခန်းမှာ သဲလွန်စ ရှာဖို့ မေ က သွားရင်း စာသုံးစောင်နဲ့ စက္ကူလိပ်ပြာလေးကို ဖတ်ခဲ့ရတယ်..။ ခိုင်လိ ကို မေ စိတ်ဝင်စားသွားသလို စာရေးတဲ့ L ဆိုတဲ့ သူ့ချစ်သူကိုလဲ စိတ်ဝင်စားသွားတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက တန်အင်မန် ရင်ပြင် လှုပ်ရှားမှုနဲ့ ပတ်သက်နေတဲ့သူတွေ ဖြစ်နေလို့ပါပဲ..။

သေဆုံးနေတဲ့ အဆိုတော်မလေးရဲ့ ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိတယ်..။ သူ့ကို ဘယ်သူသတ်သလဲဆိုတာကို မေက ဖော်ထုတ်ခဲ့တာပါ.. ။ အမှုကို ဆက်မလိုက်တော့ဖို့ ခိုင်လိရဲ့ သဌေးက မေ့ ကို ပြောခဲ့ပေမယ့်.. ။ အမှန်ကိုဖော်ထုတ်ချင်တဲ့ မေက အမှုကို ဆက်လိုက်ခဲ့တယ်..။ တရုတ်ပြည် တန်အင်မန်လှုပ်ရှားမှု၊ ယုံကြည်ချက်နဲ့ အေးချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားကျောင်းသူလေးတွေကို လက်နက်နဲ့ အကြမ်းသုံးပစ်ခတ် သတ်ဖြတ်မှု၊ သစ္စာဖောက်မှု အသုံးချခံရခြင်းတွေကို ခံစားရပါတယ်..။

လူသတ်သမား ဘယ်သူဖြစ်နေမလဲ ဆိုတာကိုလည်း ... ဇာတ်လမ်းအဆုံးမှာ သိလိုက်ရတယ်..။

-------------xxxxx-----------------

အလုပ်မှာရှိတဲ့ တရုတ်မလေးတစ်ယောက်ကို တန်အင်မန် ရင်ပြင် သွေးမြေကျတဲ့ အကြောင်းမေးတော့ ... “သူက မသိဘူး” တဲ့.. သူ့အသက်က ၂၀ ပဲရှိသေးတယ်..။ တန်အင်မန် ရင်ပြင် အရေးအခင်းဖြစ်တာက ၂၁ နှစ်ပြည့်တော့ပါမယ်..။

တရုတ်အစိုးရက ဖိနှိပ်မှုတွေ ရှိနေတဲ့အပြင် တစ်ဖက်က စီးပွားရေးကို ပြုပြင်နိုင်ခဲ့လို့ နှစ် ၂၀ အတွင်းမှာ တဟုန်ထိုး တိုးတက်လာပါတယ်..

ကျွန်တော်တို့ မြန်မာပြည်ရောလို့ တွေးမိတယ်..။

Wednesday, March 3, 2010

နေဘုန်းလတ်သို့

ဟေ့ကောင်ကြီး..

နေကောင်းလားကွ.. မင်းက တရုတ်စာသင်နေတယ်ဆိုတာဖတ်ရတော့ အားကျမိသေးတယ်ကွ.. အပြင်ရောက်ရင် ငါနဲ့ တရုတ်လို မှုတ်မယ်လေကွ.. ဟားဟ.. ငါက မန္တလေးက ဆိုတော့ အခုအချိန်က ငါတို့မြို့မှာ တရုတ်စာက မရှိမဖြစ်လိုနေပြီကွ.. အဲ ဘောင်ကျဉ်းပြီးပြောတာမဟုတ်ဘူးကွ.. ကမ္ဘာမှာလည်း
တရုတ်စာက အတော်အရေးပါနေပြီမဟုတ်လား.. ကုလသမဂ္ဂသုံး စာစကားဖြစ်လာသလို လွန်ခဲ့တဲ့ လများဆီကပဲ တရုတ်ပိုက်ဆံကို ကမ္ဘာသုံး ငွေကြေးအဖြစ်အသုံးပြုဖို့ အကြံပြုကြတာကြားရသေးတယ်လေ..။ငါကတော့ စကားပြောတော့ အနည်းအကျဉ်းရပါတယ်ကွ.. နီဟောင်းမား တို့ ဝေါ်အိုက်နီ တို့လောက်ပေါ့.. ဟေ့ကောင် “နီ ဟန် မေ လိ” ဆိုတာကလဲ မင်းတို့ ငါတို့ လို လူပျိုကြီးတွေအတွက် မရှိမဖြစ် သိရမယ့်စကားလုံကွ.. ဟိ..ဟိ.. ကောင်မလေးတွေမြင်ရင် အသုံးချဖို့လေ.. “ နင် အရမ်းလှတာပဲ” တဲ့လေ..။ အေးဟ..အသက် သုံးဆယ်ဆိုတော့ လူပျိုကြီးတွေဖြစ်နေပြီကွ..။ သိပ်လည်း အားမကျပါနဲ့ကွာ.. ယောက်ျားတို့ ဘ၀က အသက် လေးဆယ်မှ စတာတဲ့ကွ..;P. မိန်းကလေးတွေက ပြောတယ်လေ.. ယောက်ျားလေးတွေက အသက်ကြီးလာလေ ၀င်ဒါမီယာက အိမ်ဈေးကွက်တွေလိုဖြစ်လာလေတဲ့.. ဟဲ.. ဟဲ..။

ငါလဲ မနေ့က(၀၂.၀၃.၂၀၁၀) မှ စာမေးပွဲပြီးတယ်ကွ.. အောင်မယ်လို့တော့ထင်တာပဲ.. ဖြေတော့ဖြေခဲ့တာပဲကွ.. ဘ၀ဆိုတာ စာမေးပွဲတွေနဲ့ အမြဲကြုံနေရတဲ့နေရာတစ်ခုလားမသိဘူးဟ..။ အမြဲတမ်း ငါ့တို့တွေကို စမ်းသပ်နေတာပဲ..။ မင်းကတော့ ဒီကောင်တွေ ပညာတွေတတ်နေပြီလို့ ထင်နေလိမ့်မယ့်.. အလကား.. မူလီစုတ် စကူတပ် လောက် အဆင့်ကကို မတတ်သေးဘူး..။ တကယ့် ပညာက တကယ့်အသိတရားက ကိုယ်ထဲမှာရှိတာကွ..။ ကိုယ့်ဥာဏ်ပညာနဲ့ အရာရာကို သိတယ်ဆိုတာက သတိပဌာန် လုပ်မှ သိတာကွ.. မင်းက အချိန်ရရင် တရားထိုင်ဟ.. ငါလည်း ၂၀၀၉ အကုန်ကတည်းက အခုထိ အပူတွေ တစ်ခုပြီးတစ်ခု ခံစားနေရတာကွ.. အဲဒီ တရားထိုင်မှပဲ သက်သာတော့တယ်.. တရားအသိလေး နှလုံးသွင်းထားတယ်ကွ.. အသက်ကြီးလာလို့လားမသိဘူးနော်..

တရားဆိုလို့ကွာ..။ ငါ ခုတလောဆင်ခြင်မိတဲ့ အရာနှစ်ခုက မေတ္တာသုတ်နဲ့ အဘိဏှသုတ်လေကွ.. ပူလောင်လွန်းတဲ့ အခါမှာ မေတ္တာသုတ်ရွတ်ရင် လူတွေအပေါ်မေတ္တာထားလိုက်ရင် အရင်ဆုံး အေးချမ်းရတာက ကိုယ်ကိုယ်တိုင်ပါပဲကွာ.. အဲဒါကိုလူတွေက မသိတော့.. အဲ သိရက်သားနဲ့ မေတ္တာမထားနိုင်တော့ ဗျာပါဒတွေနဲ့ ဝေနေရတာကွ.. နောက်တစ်ခုက အဘိဏှသုတ်လေ..လူ၊ရဟန်း၊ ယောက်ျား၊ မိန်းမ တွေ နေ့စဉ် အချိန်တိုင်း ဆင်ခြင်အပ်တဲ့ တရားတဲ့လေ.. မင်းကတော့သိမလားမသိဘူး.. မသိသေးရင်လဲ သေချာ ပြန်ဖတ်ပြီး ကိုယ့်ဟာကို ဆင်ခြင်..နေ့စဉ် နှလုံးသွင်းကွာ..

အကြမ်းရေးပြမယ်ကွာ.. စဉ်းစားဆင်ခြင်တာနဲ့ မှန်လိုက်လေ ဆိုတာ ဟုတ်မဟုတ်ကတော့ မင်းဖာသာ စဉ်းစားကြည့်.. ရင်ထဲ နှလုံးထဲရောက်အောင် နေ့စဉ် နှလုံးသွင်းဆင်ခြင်ကြည့်ကွာ.. “ သေခြင်း၊ နာခြင်း၊ အိုခြင်း၊ ချစ်သောသူများနှင့်သေကွဲသော်လည်းကောင်း ရှင်ကွဲသော်လည်းကောင်း ခွဲရတတ်ခြင်း နဲ့ အရာအားလုံးဟာ မိမိ၏ လုပ်ခဲ့ သော ကောင်းမှုမကောင်းမှုကို ပြန်လည်ခံစားနေရသော ကံကံ၏ အကျိုး ကြောင့်ဖြစ်လာရခြင်း” အဲဒီငါးချက်လေ.. ငါကတော့ နေ့တိုင်းမဟုတ်ရင်တောင် သတိရတိုင်းဆင်ခြင်မိတယ်.. လူတွေ တနေ့မဟုတ် တဟုတ် ကြုံတွေ့ရမယ့် တရားတွေလေ..အမြဲဆင်ခြင်နေတော့ တကယ်ကြုံလာတဲ့အခါ တုန်လှုပ်ခြင်းတွေ နည်းတာပေါ့ကွာ..

အစစအရာရာ ဂရုစိုက်ကွာ.. ကျန်းမာရေး အဓိကပေါ့လေ.. စိတ်ကျန်းမာရေး၊ လူကျန်းမာရေးပေါ့လေ..။ ငါတို့တွေလည်း ကျန်းမာပါတယ်.. ။

တော်သေးပြီကွ.. နောက်မှ ထပ်ရေးဦးမယ်..။

မင်းရဲ့
သူငယ်ချင်း
အငယ်လေး

Tuesday, March 2, 2010

ရေနွေးအိုးတွင်းမှ ပုရွက်များ

မနက်စောစော ကော်ဖီသောက်ရန် ရေနွေးအိုးတည်မည်ပြုစဉ် ရေနွေးအိုးတွင်းတွင် ပုရွက်များ ရှိနေသောကြောင့် ရေနွေးအိုးကို ဆေးရသည်။ ရေဆေးပြီးသော် ရေနွေးတည်သည်။ ရေနွေးတည်နေစဉ် ရေနွေးအိုးကို သေချာကြည့်မိသောအခါ လက်ကိုင်၏ နောက်တွင် ပုရွက်တွေ အများကြီး ရွရွနှင့် သွားလာလှုပ်ရှားနေကြသည်။

ပိုးဖလံမျိုး မီးကိုတိုး
ပရွက်တစ်သိုက် ရေအေးကြိုက်

လို့ ဆိုရမလို ဖြစ်နေသည်။ ရေနွေးတည်ပြီးသော အခါ ကျန်ရှိနေသော ရေသည် အေးသွားသည်။ ပုရွက်တို့သည် ပူအိုက်သောကြောင့်လော၊ အအေး ကြိုက်ခြင်းကြောင့်လော.. ထိုရေအနီးသို့ သက်ဆင်းကြသည်။ လူတို့က သေချာမကြည့်ပဲ ရေနွေးတည်လိုက်သော် အပူချိန်တစ်ဆင့်ဆင့် ပြောင်းလဲကာ အများစုသည် ရေနွေးပေါ်၌ ပေါလော ပေါ်နေကြသည်။ သေချာကြည့်မိပါက ရေအေးနှင့် ဆေးကြောခြင်းကို ခံကြရသည်။

သည်နေရာမှာ နေရခြင်းသည် သေခြင်းနှင့် နီးကပ်နေသည်ကို အဟိတ် တိရစ္ဆာန် များဖြစ်သည်မို့ မသိလေလား..။

လူတွေ သာယာမှုနောက်သို့ လိုက်ရင်း အလဲလဲအကွဲကွဲ ဖြစ်နေတာသည်လည်း ထိုသဘောမျိုးပင်လားမသိပေ..။

အမေ့မွေးနေ့ တပေါင်းလပြည့်နေ့

အိမ်ကို အပြန် ကောင်းကင်ကို အေးစိမ့်သည့် လရောင်ကြောင့် ကောင်းကင်ကို မော့ကြည့်တော့ လပြည့်ကျော်ပေမယ့် ၀ိုင်းစက်နေသည့် လမင်းကြီးကို လှမ်းမြင်ရသည်။

စနေနေ့က အိမ်ကို ဖုံးဆက်ဖြစ်တော့ အဖေနှင့်တွေ့သည် အမေကတော့ ပဲခင်းဆိုသည့် ရွာကို သွားသည်တဲ့..။ အဖေနှင့် ပဲဖုံးပြောသည်။ အဖေက ရှည်ရှည်ဝေးဝေး သိပ်မပြောပေ။ အမေ့မွေးနေ့မို့ ကျွန်တော် အကိုတွေက ဘုန်းကြီးကျောင်းမှာ အလှူလုပ်သည့်အကြောင်းပြောသည်။ နောက်တစ်ခုက အဖေတို့ ပထမဆုံး ရဟန်းခံထားသည့် ဦးပဇင်းက ဘုန်းကြီးကြောင်းနှင့် ထိုဦးပဇင်း ကျောင်းထိုင်သည့်ကျောင်းကို သွားရောက်ခဲ့သည့်အကြောင်းကို ပြောပြသည်။ အမေပြန်ရောက်လာရင် အဖေက အူကျတာကို ခွဲမည်ဟုပြောသည်။

ကျွန်တော်လည်း အိမ်ကို ငွေပို့နေကျ အခု ၂ လစာ မပို့ရသေးပေ။ အစိမ်းပို့မလိုလို နှင့် မပို့ဖြစ်ကြောင်းပြောရသည်။ ဒီလတော့ ၃ လစာ ပေါင်းကာပင် ဟွန်ဒီ ရိုက်လိုက်ရတော့မည်။

ကျွန်တော်တို့ မိသားစုတွင် မွေးနေ့လက်ဆောင်ပေးခြင်း၊ ကိတ်မုန့်ခွဲခြင်းများမရှိသောကြောင့် အလှူအတန်းပြုထားသည်ကိုသာ အမျှဝေကြသည်။ ကျွန်တော်က လည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သည်။

“လူသာကြီးသွားပေမယ့် စိတ်ကတော့ မကြီးဘူး.. ကိုယ့်ကိုယ်ကို ငယ်သေးတယ်ပဲလို့ အောက်မေ့နေတာ” လို့ အမေက လွန်ခဲ့တဲ့ တစ်ခေါက် ကျွန်တော့်ဆီလာလည် တုန်းက ပြောသွားသည်။ အခုတော့ တစ်နှစ်ထပ်ကြီးလာပြန်ပြီ..။

Sunday, February 28, 2010

Forgiveness

You never get ahead of anyone, as long as you try to get even with them. Hard Feelings are often harder on those who will not forgive.

Forgiveness is not a sign of weakness,but profound emotional strength.

ငါးကန်ကို ရေဆေးခြင်း

ငါးကန်..

ကျွန်တော်ပင်ကိုယ်က တိရိစ္ဆာန်တွေကို မွေးမြူတာကို မကြိုက်ပါ.. ခွေးလေးတွေ ချစ်လိုက်တာလို့လဲ မမြင်မိပါ..ကြောင်လေးတွေ ချစ်စရာလို့လဲ မထင်မိပေ.. သို့သော် ကျွန်တော်ကြာရှည်စွာနေခဲ့သည့် မန္တလေးအိမ်နှင့် ရန်ကုန်အိမ်တွင် ကြောင်နဲ့ ခွေး ကရှိနေသည်။ ငါးအလှမွေးသည်ကိုတော့ စင်္ကာပူရှိအိမ်မှ သူငယ်ချင်းများမွေးသည်နှင့် ဆုံခဲ့ဖူးသည်။ အခုလည်း အိမ်တွင် ငါးကန်သုံးကန်ရှိသည်။ သို့သော် ငါး သုံးကောင်သာရှိသောကြောင့် တစ်ကန်ထဲတွင်ပေါင်းထည့်ကာ ကျန်နှစ်ကန်ကို ပစ္စည်းတိုလီမိုလီများဖြည့်ထားသည်။


ရွှေငါးကတော့ ၀ ၀ တုတ်တုတ်.. ပါးစပ်ပြဲပြဲ.. မျက်လုံးပြူးပြူး.. တချိန်လုံး အစာတောင်းနေတဲ့ ပုံစံ...

ဆိုတေး ကတော့ အကောင်သေးသေး ခပ်သွက်သွက်..

အိမ်ဂျယ် တစ်ကောင်ကတော့ အိနြေ္ဒရသည်..

အရင်က Arowana လို့ခေါ်သည့် အကြေးခွံတစ်လက်လက်နှင့် ငါးပေါက်တစ်ကောင်ရှိသည်။ အဲဒီငါးက လမ်းလျှောက်တာကိုက ရှည်မျောမျော.. အသားစိမ်းငါးစိမ်းလဲ ကြိုက်သည်။ အစာချပေးလိုက် လျင် လျှင်မြန်သည့် အရှိန်အဟုတ်ဖြင့် ဟပ်လိုက်သည်..။ အဲဒီငါးက မနက်ခင်းတစ်ခုမှာ ကြမ်းပြင်ပေါ်ရောက်နေသည်.. သေသွားပြီပေါ့..။

လူတွေက ကြံရင်းသေ..
ငှက်တွေက ပျံရင်းသေ..
ငါးတွေကတော့ .. ရေကူးရင်း ရေနစ်နေပြီဆိုရင်.. အဲဒီကောင် မကြာတော့ဘူးပဲ..။

ငါးကန်က ညစ်ပတ်နေသည်။ လွန်ခဲ့သည့် နှစ်လက ကျွန်တော်နှင့် ပူတူးမ ဆေးခဲ့သည့်ပုံစံအတိုင်း.. အဲဒီတုန်းက ငါး ငါးကောင်ရှိသေးသည်။ အခု သုံးကောင်ပဲကျန်တော့သည်။ ချေးညော်အထပ်ထပ်တို့ နှင့် မှောင်မိုက်နေသည်။ ဒီနေ့တော့ ကျွန်တော် အပြင်မထွက်ခင် ငါးကန်ဆေးမိသည်။ ရေတွေသန့်စင်သွားသည်။ ကျွန်တော့်စိတ်လဲ အနည်းငယ်သန့်စင်သွားသည်။

ကိုယ့်ကိုယ်ကို လုပ်စရာတစ်ခုခု ပေးထားရင်း နှင့်ပင် စိတ်သက်သာရာရှာမိသည်။ အနည်းဆုံးတော့ ငါးကန် သန့်ရှင်းသွားတာ အကျိုးရှိပါသည်။

Saturday, February 27, 2010

တောင်းပန်ခြင်း အခမ်းအနား

အခန်းတစ်ခု အတွင်း တွင် ခုံပေါင်းများစွာ ရှိနေသည်။ သို့သော် ကျွန်တော် တစ်ယောက်တည်းထိုင်နေသည်။ ဟိုဟိုသည်သည် မျက်စိကစားမိတော့ ခုံပေါင်း တစ်ရာလောက်ရှိမည်ဟုထင်သည်။ အခန်း၏ ရှေ့ဆုံးတွင် စတိတ်စင် တစ်ခုရှိနေသည်။ ထိုစင်ပေါ်တွင် စကားပြောသော မိုက်တစ်လုံးနှင့် ဆက်တီတစ်ခုံတည်ရှိလေသည်။ ထိုဆက်တီ၏ နောက်တွင် မှိုင်းညို့ညို့ စာတမ်းများ နှင့် အဖြူရောင်နောက်ခံ ပိတ်ကားတစ်ခု ချိတ်ဆွဲထားသည်။ ထိုစာတမ်းမျာကို ကျွန်တောဖတ်ကြည့်လိုက်တော့ “ ကျွန်တော် တောင်းပန်ပါတယ်ဗျာ” ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်ဘာသာစကားနဲ့ ရေးထားသည်။

“ဘယ်သူက ဘယ်သူ့ကို တောင်းပန်တာလဲ” လို့ ကျွန်တော်စဉ်းစားမိသည်။ ခုံပေါင်းများစွာ ထားရှိနေသည့်အတွက် ထိုတောင်းပန်မည့်သူက လူအတော်များများကို တောင်းပန်ရမည်လား၊ တောင်းပန်မည့်သူရဲ့ အသိုင်းအ၀ိုင်းကို ရှာရှာပေါက်ပေါက်စဉ်းစားနေမိသည်။ စကားပြောစရာ အဖော်၊ မေးစရာသူဆို၍ တစ်ဦးတစ်လေမှ ဘေးမှ ရှိမနေခြင်းကြောင့် ကျွန်တော်တစ်ယောက်တည်းတွေးတောနေရလေသည်။

အသံ... ခြေသံ...ရှူးဖိနပ် နှင့် ကြမ်းပြင် ထိရိုက်သံ တို့ကြောင့် လူတစ်ယောက် ရောက်လာသည်ဟု သိလိုက်သည်။ ဟုတ်သည် တစ်ယောက်ပဲဖြစ်ရမည်။ အုပ်စုနဲ့ လူအများဆိုလျှင် စကားပြောသံတွေ ကြားရမည်။ အခု ဟာက တစ်ယောက်တည်း လမ်းလျှောက်လာသည့် အသံ.. လေးတွဲ့သည့် ခြေသံက ကျွန်တော်ထိုင်နေသည့် နေရာကို ကျော်တက်သွားသည်။ ကျွန်တော်က ရှေ့ဆုံး တတိယမြောက်လိုင်းမှာထိုင်နေတော့ ဒီလူ သတင်းထောက်တစ်ယောက်လားလို့ ထင်မိသည်။ များသောအားဖြင့် သတင်းသမားတွေက ရှေ့ဆုံးမှာ နေရာရတတ်သည် ကိုး..။

သို့သော် ထိုသူသည် စင်မြင့်ပေါ်သို့ တက်သွားသည်။ ဆက်တီပေါ်သို့ ထိုင်ချလိုက်သည်။ မိုက်ကို လက်နှင့် တစ်ချက်နှစ်ချက် ပုပ်ကာ အသံစမ်းလိုက်သည်။ ညှိုးငယ်နေသော သူမျက်နှာကို စင်မြင့်ပေါ်ရှိ ဆလိုက်မီးအရှိန်နှင့် မြင်လိုက်ရသည်။ သူက လည်ချောင်းကို တစ်ချက်ရှင်းကာ ဖြေညှင်းစွာ နှင့် ထိုသူ၏ နှုတ်ခမ်းမှ စကားစ တစ်ခု လွင့်ကျလာသည်။

“ ပထမဦးစွာ ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်”
.....
.....
.....

အခန်းတစ်ခုလုံးတိတ်ဆိတ်ကာ ထိုသူ၏ တောင်းပန်စကားကို နားဆင်နေသည်။ တကယ်တော့ တစ်ခန်းလုံးတွင် သက်ရှိလူသားဆို၍ ကျွန်တော် တစ်ယောက်သာ ရှိလေသည်။

“ ကျွန်တော် လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ သူများ အားလုံးကို တောင်းပန်ပါတယ်..။ အမေ.. အဖေ.. ညီ ညီမတွေ.. မိတ်ဆွေတွေ.. ကျွန်တော်လဲကျနေချိန်မှာ ဘယ်အချိန်မှာဖြစ်ဖြစ် ကျွန်တော်ဘေးမှာ စိတ်ဓာတ် အားပေးတဲ့သူတွေ ထိုသူတွေနဲ့သက်ဆိုင်တဲ့သူတွေ.. အားလုံးကို တောင်းပန်ပါတယ်..။ ကျွန်တော်ကြောင့် အဓိက စိတ်ဒဏ်ရာရခဲ့တဲ့ ကျွန်တော်ကို သိပ်ချစ်တဲ့ ကျွန်တော့်ရည်းစားကိုလည်း တောင်းပန်ပါတယ်..။ ”

“ကျွန်တော်က အမှားတွေ များစွာလုပ်ခဲ့တယ်..။ ကိုယ့်ဆန္ဒ အာရုံခံစားမှုနောက်ကို လိုက်ပြီး လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး ကိုယ်စိတ်ကျေနပ် သာယာမှုကိုရှာဖွေခဲ့တယ်..။ ကျွန်တော့်ရဲ့ မိုက်မဲတဲ့ အဲဒီလုပ်ရပ်ကြောင့် သမီးရည်းစားတွေ ပြဿနာတက်ခဲ့ရတယ်.. အမျိုးသမီးတွေ မျက်နှာပျက်ခဲ့ရတယ်.. ဘ၀တွေ ရည်မှန်းချက်တွေ ပျက်ခဲ့ရတယ်.. အဲဒီသူတွေကို အနူးအညွှတ် တောင်းပန်ပါတယ်.. ကျွန်တော်ရဲ့တောင်းပန်မှုတွေက အတိတ်ကို ပြန်လည် မပြုပြင်နိုင်ပေမယ့် အနာဂတ်အတွက် လှပမှုတွေနဲ့ တွေ့ကြုံပါစေလို့ ဆုတောင်းပါတယ်”

ထိုသူ၏ တောင်းပန်သံ စကားတို့ကို နားထောင်ရင်း ကျွန်တော် ထိုသူ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားနေမိတယ်..။ အမေရိကန်သမ္မတဟောင်း ကလင်တန်လောက်လဲ အရပ်မမြင့်သလို ခေါင်းလဲ မဖြူဘူး..။ ဟောင်ကောင်မင်းသား အက်ဒီဆင် ချန် လောက်လဲ လူအောင်မသေး.. လက်ပြင်မကိုင်းဘူး.. ။ အမေရိကန် ဂေါ့ဖ် ကစားသမား တိုက်ဂါး ၀ု ဖ် လောက်လဲ အသားမညို သွားမခေါပေ..။ ထိုသူ ဘယ်သူလဲ..။

“ကျွန်တော်ဟာ ယောက်ျားတစ်ယောက် ထိန်းသင့်တဲ့ ကျင့်ဝတ်တွေကို စိတ်ကွယ်ရာ ရော မျက်မြင်မှာပါ ကျူးလွန်ခဲ့တယ်..ကျွန်တော် အမှားကြီး မှားတယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အရာရာဟာ နောက်ကျခဲ့ပါပြီ.. ဒါပေမယ့် အမှန်ကို သိတဲ့အချိန်ဟာ ဘယ်အချိန်မှ မနောက်ကျဘူးဆိုတဲ့စကားအရ ကျွန်တော် အရာရာကို ပြုပြင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။ ကျွန်တော်တို့ဟာ ဘ၀ရှင်သန်ဖို့အတွက် ရှေ့ဆက်ရမယ်..။ အမှားတွေ အများကြီးမှားခဲ့လို့ သင်ခန်းစာတွေ အများကြီးရခဲ့တယ်..။ ကျွန်တော့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ဒီနေ့ ဒီနေရာမှာ နောက်ဆုံးမြုပ်နှံခွင့်ပေးပါ..။ နောက်လာမယ့် ကျွန်တော့် ညီငယ်တွေ အတွက်လည်း ကျွန်တော့်လို အမှားမျိုး မကျူးလွန်ခင် ကျွန်တော်အဖြစ်ကို သတိရကြပါလို့ ပြောချင်ပါတယ်..”

“ကျွန်တော် နောက်ဆုံးအနေနဲ့ ထပ်ပြောပါရစေ.. ကျွန်တော် တောင်းပန်ပါတယ်..”

လက်ခုပ်သံတွေထွက်ပေါ်လာရမည် မဟုတ်လား.. ။ ကင်မရာ တဖျပ်ဖျပ် ရိုက်ချက်တွေ ပေါ်လာရမည် မလား..။ မဟုတ်ပါ..။ အသံတစ်ချက်မျှ မထွက်ပါ.. လူတစ်ယောက်မှ မရှိတာပဲလေ..။ ကျွန်တော် ထရပ်လိုက်သည်..။ ထိုသူရှိရာ စင်မြင့်ပေါ်သို့ တက်သွားမိသည်..။

ရှိုက်သံ.. ထိုသူဆီမှ ရှိုက်သံတစ်ချက် ဆောင့်တက်လာသည်..။

ကျွန်တော် သူ့ပခုံးကို ကိုင်ကာ “ ၀မ်းနည်းပါတယ်ဗျာ.. ကျွန်တော်လဲ ခင်ဗျားနဲ့ ထပ်တူ ခံစားရပါတယ်လို့” ပြောလိုက်တဲ့ အချိန်မှာ အဲဒီသူရဲ့ မျက်လုံးတစ်စုံက ကျွန်တော့်ဆီကို စူးစူးစိုက်စိုက်ကြည့်လို့.. ကျွန်တော်ခန္ဓာကိုယ့် ကျုံ့ ကျုံ့ ၀င်သွားကာ.. အငွေ့ အဖြစ်ပြောင်းလဲသွားသည်..။ ကျွန်တော့် အငွေ့တွေကို ထိုသူက ရှူသွင်းလိုက်လေသည်။

အခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်..။ ခုံပေါင်းများစွာ ရှိပေမယ့် ပရိတ်သတ်တစ်ယောက်မှ မရှိပေ..။
ကျွန်တော်သည် ခန်မ၏ စင်မြင့်ထက်တွင် ရပ်နေမိသည်.. မျက်ရည်စတွေ ကျွန်တော့်ပါးပြင်တွင် ရှိသည်.. ဘယ်အချိန်က ရှိုက်ခဲ့သလဲ မသိတော့....။


နဂိုရှိလို့ နကိုင်းထွက်ခြင်း ။

တကယ့်အမှန်က နကိုင်းထွက်တာမဟုတ်ပါဘူး.. နဂိုင်းထွက်တာပါ.. နဂို ဆိုတဲ့စလုံးမှာ ငသတ်နဲ့ ၀စ္စနှစ်လုံး “င်း” ပေါင်းထည့်တော့မှ နဂိုင်းဆိုတာ ထွက်လာတာပါ.. နကိုင်းကတော့ မထွက်လာနိုင်ပါဘူး.. အသံထွက်အရသာ ခပ်ဆင်ဆင်ဖြစ်နေတာပါ..။

အဲလိုပါပဲ (“၀” မရှိပဲ ၀ိ လုပ်လို့ မရဘူး) ဆိုတဲ့ စကားပုံကို သုညရှိလည်း လုပ်လို့ရတာပေါ့လို့ နောက်ပြောင်ခဲ့ဘူးပါတယ်..အင်္ဂလိပ် အက္ခရာ 8 ရှိရင် ရတာပဲလို့ လဲ စနောက်ကြတယ်.. တကယ်က ၀လုံးမရှိရင် ၀ိဆိုတာ အသံထွက်လို့မရပါဘူး.. အမြင်အရကတော့ ဟုတ်ပါတယ်.. ။

“လူညီရင် ဤ ကို ကျွဲ ဖြစ်တယ်” ဆိုတာလည်း အမှန်က “လူညီရင် ဤကို ကျွဲဖတ်တယ်” ပါ။ တစ်ခုခုကို အားလုံးပေါင်းမိရင် ညှိယူလို့ရတယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ခပ်ဆင်ဆင်တူနေတဲ့ ဤ ကတော့ ကျွဲမဖြစ်သွားပါဘူး..။ ငယ်ငယ်က ဒီစကားပုံကို ပြင်ဦးလွင်အတက် ကားပေါ်မှာ ငြင်းခုန်ကြတယ်..။ အမှားကြီးကို သိပြီးငြင်းခုန်ကြတယ်..။ နောက်မှ ဘေးက လူတစ်ယောက်က စကားပုံအမှန်က “လူညီရင် ဤကို ကျွဲဖတ်တယ်” လို့ ပြောတော့မှ ကျွန်တော်တို့တွေ အငြင်းရပ်တော့တယ်..။ ဒါတောင် လူညီရင် ဧရာ ကျွဲဖြစ်တယ် လို့ ကျွန်တော်တို့ စကြတယ်..။

အခုတော့ ဧရာက လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ဆုံးသွားပြီ။ နေမျိုးက ထောင် အနှစ် ၂၀။ သူရ က သေဘာၤေပၚမွာ ။ ကျော်မင်းကိုက ခြေထောက် အက်ဆီးဒင့် ဖြစ်လို့ သဘောင်္မလိုက်နိုင်တော့ဘူး ။ စည်သူ နဲ့ ညီညီကတော့ ကျွန်တော်နဲ့ တွဲနေတုန်းပါ။

Friday, February 26, 2010

အိမ်ကို လွမ်းတယ်..

အိမ်ကို လွမ်းတယ်ဗျာ.. အမှားတွေ အများကြီးလုပ်တဲ့ ကျွန်တော် အလွဲတွေနဲ့ပဲ ဆက်တိုက်ရင်ဆိုင်နေရတယ်.. စိတ်ဓာတ်တွေကျကျလာတယ်.. ဆရာအောင်သင်းပြောတဲ့ ပြန်ကောက်ဖို့ ကြိုးစားအားယူပါတယ်.. ဒါပေမယ့် မအောင်မြင်သေးဘူး..။ အဖေ၊ အမေ ကို တမ်းတမိတယ်.. ငယ်ငယ်ကလိုပဲ အမေ့ရင်ခွင်ထဲကို ခေါင်းဝှေ့ပြီးနေချင်တယ်..။ ငယ်ငယ်ကတည်းက သိပ်ဆုံးမစရာမလိုတဲ့ ကျွန်တော်က ဘာလို့ ဒီလို အမှားတွေကို ထပ်ခါတလဲလဲ ကျူးလွန်နေရတာလဲ ကိုယ့်ကိုကိုယ်လဲမသိတော့ဘူး.. လမ်းပျောက်နေတယ်..။ အင်တာနက်မှာ မြန်မာသံစဉ်တွေ နားထောင်မိတယ်.. ဘယ်ပန်းချီရေးလို့ မမှီ ကို နားထောင်မိတော့ အဖေနဲ့ အမေကို သတိရမိတယ်.. ဖုံးဆက်ပေမယ့်.. ဖုံးက အဆင်မပြေလို့ ဆက်လို့မရဘူး.. ဒီနေ့တစ်ခေါက်ထပ်ဆက်ကြည့်ရမယ်...။

Thursday, February 25, 2010

စာရေးချင်နေတယ်ဗျာ.. အန်ချချင်လွန်းလို့...

ဒီဘလောက်ကို စပြီးတော့ ပိုစ့်တစ်ခုပဲတင်ဖြစ်တယ်.. ၂၀၀၈ က..
အခု ၂၀၁၀..
၂၀၀၉ တစ်နှစ်လုံး လဲ ဘာမှ မတင်ဖြစ်ဘူး..

၂၀၀၉ အကုန် ၂၀၁၀ အကူး ကနေ အခုအချိန်ထိ ကျွန်တော်ဘ၀မှာ အပြောင်းအလဲတွေ သိပ်များတယ်..မထင်မှတ်တာတွေ မမျှော်လင့်တာတွေ ကြုံရတော့ ဘ၀မှာ ဆက်လက်ရှင်သန်ဖို့ရာတောင် မနည်းရုန်းကန်နေရတယ်.. ကံကြမ္မာဆိုးက ကျွန်တော့် ဘေးမှာအတူရပ်ပြီး ကူညီပေးတဲ့သူတွေကိုပါ ကူးစက်ကုန်တော့တယ်.. မွေးနေ့ကျော်ရင် အားလုံးကောင်းမှာပါဆိုတဲ့ ဗေဒင်ဆရာတွေရဲ့ စကားကိုယုံပြီး စောင့်ရအောင်လဲ မွေးနေ့က တော်တော်လိုသေးတယ်.. တခါတခါကျတော့လွတ်သွားတယ်.. ဒိုင်မသောက်ဘဲဆေးမရှူပဲ ကျွန်တော် နေ့ခင်းကြောင်တောင် လမ်းပျောက်ပျောက်သွားတယ်..
အန်ချင်တယ်ဗျာ.. အန်ချင်တယ်.. အန်ဖတ်တွေစင်သွားရင်တော့မတတ်နိုင်ဘူးဗျာ...