Monday, April 18, 2011

ကျွန်တော်နှင့် သေခြင်းတရား

သံလွင်အိပ်မက် အတွဲ(၅) အမှတ် (၁) တွင် ဖော်ပြခဲ့သော် အက်ဆေးဖြစ်ပါသည်။
www.thanlwin.comသေခြင်း တရားသည် သက်ရှိသတ္တ၀ါများ၏ သာမန်ဖြစ်ရိုး ဖြစ်စဉ်သည်။ အသေချာဆုံး ဖြစ်စဉ်တစ်ခု ဖြစ်သည်။ မွေးဖွားလာသည်နှင့် သေဆုံးခြင်းသည် အတူတကွ ပါလာခဲ့သည်။ သတ္တ၀ါဟူသမျှ ကိုယ်တိုင် အနှေးနှင့် အမြန် သေရမည်ကို သိကြလေသည်။

သို့သော် တကယ့် သေရမည်ဆိုလျှင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် အသင့် မရှိသူ အများအပြားပင် ရှိနေတတ်သည်။ အသိမိတ်ဆွေများ မိသားစုရင်းချာများ သေဆုံးလျှင် ၀မ်းနည်း ကြေကွဲမဆုံး ဖြစ်နေတတ် ကြပေသည်။ လူတစ်ယောက် ကမ္ဘာမြေပေါ်သို့ ရောက်လာလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသကဲ့သို့ ကမ္ဘာမြေမှ ပြန်လည် ထွက်ခွာသွားသော အခါတွင်လည်း ၀မ်းနည်းကြေကွဲတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။

ကျွန်တော်နှင့် သေခြင်းတရားကို ပထမဆုံး သတိပြုမိသည်မှာ လွန်ခဲ့သော ၂၅ နှစ်လောက်စီမှ ဖြစ်လေသည်။ အဖေဘက်မှ အဖိုးဦးလှစိန် သေဆုံးစဉ်က ဖြစ်လေသည်။ မန္တလေးမြို့ ဈေးချို ၂၆လမ်းနှင့် ၈၆လမ်းထောင့် ရွှေတချောင်းဘေး ညဈေးတန်း အနီးတွင် အဖိုးတို့ ခေါက်ဆွဲဆိုင် ရှိသည်။ ခေါက်ဆွဲဆိုင်ဆိုသော်လည်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက ပိတ်ထားလေပြီ။ အဘိုးနှင့် အဖွားတို့ နေထိုင်သည့် ထို၂၆ လမ်း အိမ်သည် အငှားဖြစ်သည်။ ၃၂လမ်းနှင့် ၈၆ လမ်းထောင့်ရှိ ကိုယ်ပိုင် အိမ်နေရာကို အငှားချကာ ၂၆ လမ်းတွင် ခေါက်ဆွဲဆိုင် လာဖွင့်ခြင်း ဖြစ်သည်။ အဖိုး အသုဘတွင် အမှတ်ရမိသည်က အဖိုး၏ ညီမဖြစ်သော ဆန်းနိုင်း ဆိုသည့် တရုတ်မကြီးသည် အသုဘ အခေါင်းကို ဖက်ကာ အော်ကြီးဟစ်ကျယ် ငိုခြင်းပင်ဖြစ်သည်။ သေခြင်းတရားကို သတိပြုမိသော်လည်း ကလေးဖြစ်နေ၍လား မသိ ရင်တွင်းသို့ ထိုးထိုးဖောက်ဖောက်တော့ မရောက်လှပေ။ သို့သော် သေသည်ဆိုတာကို မှတ်မှတ်ရရဖြစ်ခြင်းသည် ဤ အသုဘမှ အစပြုခဲ့သည်ဟု ထင်သည်။

သေခြင်းတရားသည် နေရာအတည်တကျ မရှိတတ်ပေ။ ကျွန်တော်၏ အမေဘက်မှ အဖိုးဦးကြည် သေဆုံးစဉ်က ရန်ကုန်တွင် ဖြစ်လေသည်။ ကျွန်တော်က ထိုအချိန်တွင် ဆယ်နှစ်သားလောက် ဖြစ်နေသောကြောင့် မှတ်မှတ်ရရရှိလေသည်။ ထိုနှစ်က ကျွန်တော်တို့ မိသားစု တစ်စုလုံး သာဿနာ့ဘောင်ကို ခေတ္တ၀င်ရောက်နေစဉ် ဖြစ်လေသည်။ အဖိုးသည် အမေရိကားမှ သူ့သမီးအလာကို သွားတွေ့စဉ် ရုတ်တရက် ဆုံးသွားခြင်းဖြစ်သည်။ အဖိုး ဦးကြည်နှင့် ကျွန်တော်က တော်တော်ရင်းနှီးသည်။ အိမ်သို့ လာလည်ရင် အရက်ဖြူ သွားဝယ်ပေးရသည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင်လည်း မေမြို့ရှိ အဖိုးနှင့် အဖွားအမေတင် နေထိုင်ရာ အိမ်နီကြီးတွင် သွားရောက် နေထိုင်လေ့ရှိသောကြောင့် အဖိုးကြည် သေဆုံးချိန်တွင် ရင်ထဲသို့ စိတ်မကောင်းခြင်းက ၀င်ရောက် လာလေပြီ။ အဖိုးအလောင်းကို ရန်ကုန်မှ မန္တလေးသို့ ကားနှင့် သယ်လာကာ မန္တလေးတွင်ပင် အသုဘ ချခဲ့ရသည်။

သူငယ်ချင်းထဲမှ ပထမဆုံး သေခြင်းတရားနှင့် ရင်ဆိုင်သွားသူကား ၀င်းမြင့်ဦးဖြစ်သည်။ သူနှင့်က ကျွန်တော် ခြောက်တန်းတွင် ဆရာမ ဒေါ်ခင်သန်းမြင့် အခန်းတွင် အတူတူ တက်ခဲ့ရခြင်းဖြစ်သည်။ ထိုစာသင်နှစ်တွင် ၀င်းမြင့်ဦးက အသက်ကြီးမှ ဘာသာရေး လုပ်သင့်ကြောင်း ပြောသည်ကို အမှတ်ရမိသည်။ www.thanlwin.comလောလောလတ်လတ် ကိုရင်လူထွက်လာသော ၊ ဆွမ်းဆန်စိမ်းလောင်းပွဲတို့ ဘုန်းကြီးကျောင်းပွဲတို့တွင် ပါဝင်နေသော ကျွန်တော်နှင့် အငြင်းအခုန် ဖြစ်ခဲ့လေသည်။ ထိုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် သင်္ကြန်အကျနေ့တွင် ၀င်းမြင့်ဦး တစ်ယောက် ကားတိုက်ခံရကာ သေဆုံးသွားခဲ့သည်။ သင်္ကြန်ရက်တွင်း သေဆုံးလျှင် အသုဘကို ချက်ချင်းချရလေ့ ဓလေ့ရှိသောကြောင့် အမြန်ပင် အသုဘချလိုက်ရသည်။ သေခြင်းဟူသည် ကြီးငယ်မရွေး အချိန်မရွေးနှင့် သက်ဆိုင်သည်ဟူသော အသိ ကျွန်တော် ရရှိခဲ့သည်။ ရှစ်တန်းအောင်ပြီး နွေရာသီတွင် စိုင်းအောင်ဆိုသော သူငယ်ချင်းတစ်ယောက် ရေငုပ်ပြိုင်ရင်း ရေနစ် သေဆုံးခဲ့ရသည်။ ဆယ်တန်းပြီးချိန်တွင် ရင်းနှီးခဲ့သော ဧရာသည် ၂၀၀၂ တွင် ကင်ဆာရောဂါကြောင့် သေဆုံးခဲ့လေသည်။

၁၉၈၇ က အိမ်တွင် အလှူလုပ်လေသည်။ ရှင်ပြုနားသ မင်္ဂလာဖြစ်သည်။ ကျွန်တော်တို့တွေက မြင်းနှင့် စီးကာလှည့်ကြသည်။ ထိုစဉ်က ရိုက်ခဲ့သော ဗီဒီယိုအခွေကို ပြန်ကြည့်လျင် အဖေနှင့်အမေ က “ ဒီထဲမှာ ပါတဲ့သူ တော်တော်များများ မရှိတော့ဘူး ” လို့ တရားသံဝေဂ အသံဖြင့် ပြောလေ့ရှိသည်။ အချိန် ဇရာ၏ ၀ါးမြိုခြင်းကို တမြေ့မြေ့နှင့် ကျွန်တော်တို့တွေ ခံနေရသည်ကို သတိမပြုက မမြင်နိုင်ပေ။ ကျွန်တော် စင်္ကာပူသို့ ရောက်သောအခါ တီပီဆိုသော ကျောင်းတွင် သင်္ကြန်ပွဲများစွာကို ဆင်နွဲခဲ့သည်။ ပြီးခဲ့သည် သင်္ကြန်ပွဲအခွေများကို ပြန်ကြည့်သောအခါ မကေကြီး သီချင်းဆိုကာ မမြတ်ကသော ချမ်းတုံချမ်း သီချင်းလေးသို့ ရောက်လျှင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားသော မကေကြီးကို သတိရမိပြန်သည်။ နောင်နှစ်ပေါင်း နှစ်ဆယ်လောက်ဆိုလျှင် တီပီမြန်မာ သင်္ကြန်ခွေ ပြန်ကြည့်ကာ “ဒီထဲမှာပါတဲ့သူ တော်တော်များများ မရှိတော့ဘူး”လို့ အဖေနှင့်အမေ ရေရွတ်သလို ကျွန်တော် ရေရွတ်ရမည်သာ ဖြစ်ပေလိမ့်သည်။

သေခြင်းတရားသည် တခါတရံတွင် အသိပေးကာ ရောက်လာလေ့ရှိသည်။ သူငယ်ချင်းတစ်ယောက် အေအိုင်ဒီအက် ဖြစ်သည်လို့ ကြားလိုက်ရသောအခါ မယုံကြည်နိုင်ခဲ့ပေ။ ထိုသူငယ်ချင်းရဲ့ မိန်းမကလည်း ကျွန်တော်၏ သူငယ်ချင်းပင်။ ကလေးလေး တစ်ယောက်လဲ ရှိသည်။ A ကိုက်သည်ဆိုလျှင် လူတွေက အလန့်တကြား ဖြစ်တတ်သည်။ ပတ်ဝန်းကျင်က ပစ်ပယ်တတ်ကြသည်။ မကောင်းမြင်တတ်ကြသည်။ အပျော်အပါး မလိုက်စားသည့်တိုင် ကူးစက်စရာ အခြေအနေတွေက ရှိနေသည်ကို သတိမပြုဘဲ A ပိုး ရှိသူကို အပြစ်လုပ်ထားသူ တစ်ယောက်လို ဆက်ဆံတတ်ကြသည်။ ဆရာဝန်ဖြစ်နေသော သူငယ်ချင်းတစ်ယောက်ကို ဆက်သွယ်ကာ အကျိုးအကြောင်း ပြောပြကာ လင်မယားနှစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်လိုက်ကြသည်။ မိန်းမနှင့် ကလေးတွင် HIV ရှိမရှိ စစ်ဆေးလိုက်သည်။ မရှိပေ။ NGO တစ်ခုတွင် အလုပ်လုပ်နေသော သူငယ်ချင်းတစ်ယောက်ကလည်း နွေးထွေးစွာ အကူအညီပေးသည်။ ကျွန်တော်ကလည်း သူတို့ NGO က လုပ်ပေးထားသော အဖွဲ့လေးအတွက် အလှူငွေ ထည့်ဝင်ခဲ့သည်။ “ဆေးဖိုးက အရမ်း ဈေးကြီးတော့ အကူအညီတွေ ရပ်သွားမယ့် တစ်နေ့မှာ ငါတို့ ပေါ့စတစ် (+) တွေ ဘယ်လို ဆက်လက်ရပ်တည် သွားမလဲဆိုတာ အရေးကြီးတယ်” လို့ သူနဲ့ စကားပြောချိန်မှာ ပေါ့စတစ်(+) ဆိုတဲ့စကားလုံးလေးကို သတိပြုမိသည်။ အရာအားလုံးကို အကောင်းမြင်တတ်သူကို ပေါ့စတစ်(+)လို့ မြင်တတ်သူမို့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်(+) ဖြစ်တယ်လို့ ဂုဏ်ယူစွာပင် ရင့်ကျူးမိသည်။ သေခြင်းတရားက အသိပေးရောက် လာသည်ကို သတိရှိရှိနှင့် မယိမ်းမယိုင် ရင်ဆိုင်နိုင်ဖို့ရာ ပတ်ဝန်းကျင်၏ နွေးထွေး နားလည်မှုလည်း အဓိက လိုပေသည်။

ကျွန်တော် ဦးလေးတစ်ယောက်ဖြစ်သူ လေးလေးလှမြင့်သည် သေဆုံးသော အချိန်၌ ကျွန်တော်ကို အရေပြား တထောက်စာရှိသည့် ခန္ဓာကိုယ်အကြောင်းကို ပြသခဲ့သည်။ ကျွန်တော့် အဖေဘက်မှ မောင်နှမများတွင် တမိပေါက် တစ်ယောက်ထွန်း ထူးထူးခြားခြားဆိုသလို လေးလေးလှမြင့်သည် မျက်လှည့်ပညာရှင် ဖြစ်လေသည်။ အရက်ကို နေ့စဉ် သောက်တတ်သလို လာဘ်ရွှင်သည့် အချိန်များတွင် နံပါတ်ဖိုး ထိုးလေ့ရှိကြောင်း သိရသည်။ တစ်ရက်တွင် သူနေထိုင်ရာ အိမ်မှာ ပျောက်သွားလေသည်။ ပုံမှန် တစ်ရက်၊ နှစ်ရက် ပျောက်သွားကာ ပြန်ရောက်လာလေ့ရှိသော သူသည် ဤတစ်ကြိမ်တွင် တစ်ပတ်နှင့် ပြန်မလာတော့ အဖွားသည် စိတ်ပူတော့သည်။ www.thanlwin.comကျွန်တော်တို့ အားလုံး လူဖြန့်ကာ ရှာကြရသည်။ ရဲစခန်းကို အကြောင်းကြားရသည်။ သူ ကျက်စားရာနေရာတွေကို ရှာကြသည်။ မတွေ့ပေ။ နောက်ဆုံး ဆယ်ရက်လောက် အကြာတွင် ဆေးရုံကြီး ရင်ခွဲရုံတွင် ပြန်လည်တွေ့ရသည်။ ပြာနှမ်းနေပြီဖြစ်သော သူ၏ခန္ဓာကိုယ်တွင် အရည်များထွက်ကာ ပုပ်အဲ့အဲ့ အနံ့များ လွင့်ထွက်နေပြီ။ ပါးစပ်မေးရိုးတို့သည် သေဆုံးချိန်က မပြုမပြင် ဖြစ်ခဲ့သောကြောင့်လားမသိ စောင်းရွဲနေသည်။ အလောင်းကို အဖွားအိမ်သို့ ပြန်လည်ယူဆောင်ခြင်းမပြုပဲ သုသာန်သို့ တိုက်ရိုက် သယ်ဆောင်ခဲ့သည်။ အလောင်းကို မကြည့်ရန် ကျွန်တော်တို့ တားသည့်ကြားမှ အဖွားသည် သူ့သားကို ကြည့်ဖြစ်အောင် ကြည့်လိုက်သည်။ အခေါင်းကို ဖွင့်လိုက်သည်နှင့် ဇရပ်အတွင်းသို့ အပုပ်နံ့သည် ထောင်းခနဲ ထွက်ကျလာသည်။ အပုပ်ကောင် ရုပ်ဆောင်နေကြခြင်းကို ကျွန်တော် လက်တွေ့ သိခဲ့ရခြင်းပင်။

ကမ္ဘာအနှံ့တွင် သဘာဝဘေးအန္တရာယ်နှင့် လူသားအချင်းချင်း ခင်းသော စစ်ပွဲများကြောင့် သေကြသူ အများအပြား ရှိလေသည်။ ရုပ်မြင်သံကြား ဖန်သားပြင်တွင် လူသောင်းပေါင်းများစွာ သေကြေကြသော အဖြစ်အပျက်တွေကို တွေ့မြင်ရသောအခါ စိတ်မကောင်းကြီးစွာ ခံစားရသော ကျွန်တော်သည် ၂၀၀၈ မေလ ဧရာဝတီတိုင်းတွင် ဖြစ်ခဲ့သော နာဂစ်မုန်တိုင်းတွင် ရေပေါ်တွင် ပေါလောပေါ်နေသော အလောင်းပေါင်းများစွာကို ကိုယ်တိုင်တွေ့ခဲ့ရသည်။ ကြင်နာမှုတရားကင်းသော တိုင်းပြည်ခေါင်းဆောင်များ၏ အတ္တကြီးသော လုပ်ဆောင်မှုများကြောင့် အကူအညီများ ရသင့်သလောက်မရခဲ့ကြသော ဒုက္ခရောက်သူများစွာကိုလည်း စာနာမိသည်။ သေခြင်းတရားဟူသည်ကား လူမျိုးမရွေး ဘာသာမရွေး တို့ ရင်ဆိုင်ရသောအရာ အချိန်မရွေး တွေ့ဆုံရမည်ဖြစ်သော အရာပင်ဖြစ်သည်။ သေဆုံးချိန်တွင် ပုန်းကွယ်ကာ အသုဘချရသော နိုင်ငံခေါင်းဆောင်ကြီးများလည်း ရှိခဲ့သည်။ တချို့သည် လူသေဆုံးသွားသော်လည်း နာမည်ကားမသေဆုံး၊ တချို့ကား လူကားမသေဆုံးသေးသော်လည်း နာမည်ကား သေဆုံးနေလေပြီဖြစ်သည်။

“ကျွန်တော်သာ ယခု ရုတ်တရက် သေဆုံးသွားလျှင်” ဆိုသော အတွေးမျိုးကို မကြာခဏ တွေးမိပေသည်။ သေခြင်းကို သတိရှိရှိ ရင်ဆိုင်ဖို့ လိုအပ်သလို မသေခင် ကိုယ်ဘာတွေလုပ်ခဲ့မလဲ ဆိုတာလည်း အရေးကြီးပေသည်။ သေဆုံးခြင်း၏ တခြားတဖက်တွင် မည့်သည့်အရာရှိမည်ဆိုသည်ကာ မပြောနိုင်ပေ။ ယခုလက်ရှိအချိန်သည် အဖိုးထိုက်တန်လှသည်။ တန်ဖိုးရှိရန် အကျိုးရှိရန် လုပ်ဆောင်ရန်မှာ ဒီအချိန်သည် အရေးကြီးဆုံးဖြစ်သည်။ သေခြင်းတရားသည် ကျွန်တော့်ဆီကို အရှိန်အဟုန်ပြင်းစွာ ၀င်ရောက်လာသည်ဆိုပါစို့... အညင်သာဆုံး အအေးချမ်းဆုံးနှင့် ကျွန်တော်၏ အသိတရားတို့ လွင့်ပြယ်သွားမည့် အချိန်တခုအတွက် အဆင့်သင့် ဖြစ်နေရန် ကျွန်တော် ကြိုးစားနေမိသည်။

ကိုငယ် (မန္တလေး)

Thursday, March 31, 2011

နေဘုန်းလတ်အတွက်.. စာ..(မတ်လ)

သူငယ်ချင်းရေ..

“ငယ်..သူငယ်ချင်းရေ.. အခုတော့ ငယ်ကျွမ်းဆွေ” လို့ ဒီသီချင်းဆိုရင် အဲဒါက မိန်ကလေးနဲ့ ယောက်ျားလေး စုံတွဲသီချင်းလို့ ပြောဦးမယ်။ အခုတလော ငါလဲ မြန်မာသံတွေ အာရုံရနေတယ်။ ဒူဘိုင်းမှာ ချစ်ဦးညို ဟောတဲ့ထဲက သီချင်းလေးတစ်ပုဒ်ကို ရေးပေးမယ်ကွာ.. မင်းသိမှာပါ..ငါတို့ woodland အိမ်မှာတုန်းက အမြဲဖွင့်တဲ့ သန်းမြတ်စိုးရဲ့ နဂါးနီအခွေထဲကသီချင်းလေ။ ရေးတဲ့သူကတော့ ရွှေတိုင်ညွှန့်။ သီချင်းကတော့
“အကျင့်ဆိုး” လေ။

“အလုပ်လုပ်ရာဝယ် အစကသာရယ် အဆုံးထိအောင်ပင် မကြံချင်တယ် အားလျှော့တာရယ် ပေါ့လျော့တာရယ် အဲဒါ အကျင့်ဆိုးတယ်.. အို တယောက် ဒီလို တယောက် ဟိုလို အမျိုးမျိုး အဖုံဖုံ ဂုဏ်ပြိုင်တယ် နည်းလမ်း အပိုတွေ စည်းကမ်း မရိုသေ ရက်တွေ ကုန်ခဲ့တယ်။

ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ သံသရာရှည်လာတယ် မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ် ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်။

ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ် ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်၊ သေချာစွာ နောက်တထစ်မှတ်ကွယ် ကောက်ကျစ်တတ်တယ် ၀ါသနာရယ် ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။

သူလုပ်တော့ အရာရာ မတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ် အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ကွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။

အလိုက်မသိတာတွေရယ် ကိုယ့်အဖို့တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါတယ် ဒီဥာဉ်မျိုး အလွန်ဆိုးတယ် ရှေးစကားတွေကို ပယ် ခေတ်အလိုက်တော့သူနားမလည် ဆရာ့ကိုလည်း ပစ်ကာပယ် ဒီဥာဉ်မျိုး အလွန်ဆိုးတယ်

ကမ္ဘာမှလည်း ခေတ်မှီဖွယ် ကမ္ဘာမှလည်း ခေတ်မှီဖွယ် မြန်မာနိုင်ငံကြီးကို တကယ် ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ ဒီသီချင်းတေးနှယ် မနှေးဘဲ ပြုပြင်မယ်။

ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ် ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်၊ သေချာစွာ နောက်တထစ်မှတ်ကွယ် ကောက်ကျစ်တတ်တယ် ၀ါသနာရယ် ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။

သူလုပ်တော့ အရာရာ မတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ် အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ကွယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။”

သီချင်းနားထောင်လိုက် စာသားပြန်ရေးလိုက်ဆိုတော့ မှာ “ကွယ်တို့ ၊ မယ်တို့” မှာ သိပ်မကွဲဘူးကွ။ တကယ်တော့ ဒီသီချင်းကို သန်းမြတ်စိုး အခွေနားထောင်တော့မှ နားထောင်ဖူးတာ။ သူ့အလိုက်ကို ယူပြီး ငါတို့ ငယ်ငယ်က ကြော်ငြာတစ်ခု နာမည် ကြီးဖူးတယ်လေ။ နေအောင်ရဲ့ ဘီယာကြော်ငြာလေ။ “ ဘီယာဟာ အရက်တော့ မဟုတ်ပါ” ဆိုတဲ့ အလိုက်လေ..။ ရွှေတိုင်ညွန့်ရဲ့ စာသားတွေက အရမ်းကောင်းတယ်။ သူက ပြင်စေချင်လို့ ဆိုဆုံးမခဲ့တာတွေလေ... ခုထိ ခေတ်မှီနေတုန်းပဲ။

တလောက UAE မှာ ပထမဆုံး စာပေဟောပြောပွဲလေး လုပ်ခဲ့တယ်။ ငါလည်း အင်တာနက်ကနေ နားထောင်ရတယ်။ အော်ပီကျယ်နဲ့ ချစ်ဦးညို တို့ ဟောပြောသွားတယ်ကွ။ ကမ္ဘာအနှံ့မှာ စာပေဟောပြောပွဲလေးတွေ ထွန်းကားလာအောင် စီမံတဲ့သူတွေကို ငါတော့ ချီးကျူးတယ်။ အော်ပီကျယ်ကတော့ ရေကြည်ရာ မြက်နုရာ အကြောင်းလေးပြောတော့ မင်းနဲ့ငါ ငြင်းခုန်ခဲ့တာကို သတိရမိသေးတယ်။ “နိုင်ငံသား ပြောင်းခြင်း မပြောင်းခြင်း” ကိစ္စ နဲ့ ပတ်သတ်ပြီးတော့လေ။ အရင်က ဒို့ဘိုးဘေးတွေက ရေကြည်ရာ မြက်နုရာ ရှာခဲ့လို့ ငါတို့တွေ မြန်မာနိုင်ငံထဲကို ရောက်ခဲ့တာ ဆိုတာလေးလေ။ အော်ပီကျယ် က မြန်မာပြည်ဟာ တကယ့်ပဲ ရေကြည်ရာ မြက်နုရာ မဟုတ်လို့ အခု ဒို့ မြန်မာတွေ ပြည်ပထွက် ပညာရှာ စီးပွားရှာနေရတာလားဆိုတဲ့ အတွေးမျိုး ပြောသွားခဲ့တယ်။ အရင်ခေတ်က အစ္စရေးက ပညာရှင်တွေ ကို မြန်မာပြည်ထဲ မှာ အပင် စိုက်ဖို့ကိစ္စတစ်ခု စီမံချက်နဲ့ ခေါ်ခဲ့ဘူးတယ်တဲ့။ အစ္စရေးက ပညာရှင်တွေကို ဘာလို့ ခေါ်တာတုန်းဆိုတာတော့ မင်းသိပါလိမ့်မယ်။ ဒီကောင်တွေက ကန္တာရကြီးကို သစ်ပင်ပြန်စိုက်တဲ့ သူတွေလေ။ စီမံချက်ရက် မတိုင်ခင် တစ်ပတ်ပြီးတာနဲ့ အဲဒီ ပညာရှင်တွေဟာ အစ္စရေးကို ပြန်ဖို့စီစဉ်ကြတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာပြည်ရဲ့ မြေဟာ ဘယ်အပင်စိုက်စိုက် ဖြစ်ထွန်းတဲ့မြေဖြစ်လို့ပါပဲတဲ့။ အခုလို အပြင်ရောက်နေတဲ့ မြန်မာတွေကို Brain Drain လို့ မယူဆ ပဲ နောင်တချိန်မှာ Brain Gain ဖြစ်လာနိုင်တယ်ဆိုတဲ့ အမြင်နဲ့အောပီကျယ် က ပြောသွားတယ်။

ချစ်ဦးညိုကတော့ ကဗျာတွေရွတ် သီချင်းတွေဆိုပေါ့ကွာ။ ၂၀၀၉ စင်္ကာပူစာပေ ဟောပြောပွဲက အပြန် မလေးရှားနိုင်ငံ ပီနန် မှာ ပထမဆုံးအကြိမ် စာပေဟောပြောပွဲသွားတဲ့ သူ့အတွေ့အကြုံလေးကို ပြန်ပြောပြတယ်။
၁ နာရီစမယ့် ပွဲမှာ ၁၂ နာရီခွဲ ထိ ပရိတ်သတ် မရှိသေးဘူးတဲ့။ စီစဉ်တဲ့သူတွေလည်း ပြာယာခတ်နေပြီ။ အဲဒီမှာ သူက ပွဲစီစဉ်သူတွေကို သွားမေးတော့ စီစဉ်တဲ့သူက ခဏစောင့်ပါဆိုပြီး အပြင်ထွက်သွားတယ်။ နောက် ၁၅ မိနစ်လောက်နေတော့ ၀ုန်းခနဲဆိုပြီး လူအုပ်ကြီးရောက်လာပြီး ရုံပြည့်သွားတယ်တဲ့။ ပွဲပြီးတော့မှ အကျိုးအကြောင်းသိရတာက 0verstay ဆိုပြီး ရဲဖမ်းမှာ ကြောက်လို့ ဟိုတစ်စု ဒီတစ်စု နေနေရတာ။ အဲဒီမှာ ပွဲစီစဉ်တဲ့သူက အဲဒီနယ်က ရဲချူပ်ကို ပိုက်ဆံပေးပြီး ဒီပွဲလာတဲ့သူတွေကို မဖမ်းဖို့ ညှိလိုက်တော့မှာ ပရိတ်သတ်တွေ ရုံထဲကို ၀င်လာရဲတယ်တဲ့။ နားထောင်ပြီး အတော်စိတ်မကောင်းဘူး။ မလေးရှားမှာက ပညာတတ် လူတန်းစားထက် အောက်ခြေအလုပ်သမားက ပိုများတယ်။ အဲဒီထဲမှာလည်း ကိုယ့်နိုင်ငံကို ကောင်းစေချင်တဲ့သူတွေ အများကြီးပါပဲကွာ။ ရုပ်ရှင်အစည်းအရုံးရဲ့ ဒုတိယ ဥက္ကဌကြီး ချစ်ဦးညို က ပြောသွားတယ်။ မပြောချင်ဘဲနဲ့ ပြောရပါတယ်တဲ့ “ အာဆီယံ ဆယ်နိုင်ငံမှာ မြန်မာက “၁” ၊ အောက်က စ ရေရင်ပြောပါတယ်”တဲ့။ ငါ မရယ်နိုင်ပါဘူးကွာ...။

နောက်လမှာ စင်္ကာပူမှာ စာပေဟောပြောပွဲ နှစ်ခုတောင်ရှိတယ်။ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းကပ်နေတာလေးပဲ ပြောစရာရှိတယ်။ စီစဉ်တဲ့ နှစ်ဖွဲ့က မမျှော်လင့်ပဲ ရက်တိုက်ဆိုင်သွားတယ်ကွာ။ နှစ်လ သုံးလ ဒါမှမဟုတ် ခြောက်လ လောက် ခြားရင်တော့ ပိုကောင်းတာပေါ့။ ငါက လျှာလျှာရှည်ရှည် ရက်ရွှေ့ဖို့ နှစ်ဖွဲ့လုံးကို တောင်းပန်ကြည့်သေးတယ်။ သူတို့တွေက စီစဉ်ပြီးပြီ ဆိုတော့လည်း ဘယ်တတ်နိုင်မလဲကွာ။ ကိုယ်လုပ်သင့်တာ တစ်ခုကို ကြိုးစားကြည့်ခဲ့တယ်ပေါ့ကွာ။ ဘာပဲဖြစ်ဖြစ် စာဖတ်ပရိတ်သတ်အတွက်တော့ ကောင်းပါတယ်။ စာပေဟောပြောပွဲများတာက တခြား ပျော်ပွဲရွှင်ပွဲ များတာထက်စာရင် တော်သေးတာပေါ့။

ကဲ စာလည်း ရှည်နေပြီး။ ဒီလတော့ ဒီမျှနဲ့ပဲ တော်သေးပြီ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်၊ ငါတို့တွေလည်း ကျန်းမာရေးကောင်းတယ်။ စည်သူ့အမေ အလည်ရောက်နေလို့ အိမ်မှာ ဟင်းမလပ်ဘူး ထမင်း မငတ်ဘူး။
“စည်းတဲ့သွေး” ဆိုတဲ့ ငါရေးတဲ့ ကဗျာလေးကို ထည့်ပေးလိုက်တယ်။ မင်းအတွက်ဆိုတော့ Version တစ်မျိုး..။

စည်းတဲ့သွေး

နာဂစ်ဖြစ်တော့

အထက်အောက် .. အတွင်း အပြင်

ဧရာဝတီတိုင်းထဲ ၀င်လာကူတာ..

ပြည်သူ..။

ဂီရိဖြစ်တော့

ခက်ခဲတဲ့ လမ်းပန်းတွေကျော်ဖြတ်

ရခိုင်ဘက်ကို လှမ်းတက်ခဲ့ကြတာ..

ပြည်သူ..။

တာလေမှာ

ကမ္ဘာမြေ အက်ကွဲတော့

လဲသူကို လက်တွဲ

ထူပေးကြတာ..

ပြည်သူ..။


ဒီလိုနဲ့..

သဘာဝဘေး အန္တရာယ်ကြုံတိုင်း

ပြည်သူတွေ စုစည်းသွားတယ်။

ပြည်သူတွေ စည်းလုံးသွားတယ်။

ပြည်သူတွေ ရိုင်းပင်းလာတယ်။

ပြည်သူတွေ အနစ်နာခံတတ်လာတယ်။


မင်းရဲ့သူငယ်ချင်း

ငယ်လေး


Monday, March 28, 2011

”တော်လှန်ရေးစာပေနှင့် အဆင့်အတန်း လျော့ကျမှု”

ကျွန်တော် တလောက တရုတ်ပြည် အကြောင်းရေးထားသည့် အင်္ဂလိပ်စာအုပ်တစ်အုပ်ဖတ်ဖြစ်သည်။ Lake with no name “အမည်မဲ့ ကန်” ကို ဝေ ဆိုသည့် တရုတ်မလေးတစ်ယောက်က တရုတ်ပြည်၏ ၁၉၈၉ တန်အင်မန် ရင်ပြင် လှုပ်ရှားမှုကို အခြေခံသော်လည်း မော်စီတုန်း ခေတ်တရုတ်ပြည် တချို့၊ ခေတ်သစ် ပြောင်းလဲနေသော တရုတ်ပြည်တချို့ ကို ၀ိုးတ၀ါးပါဝင်သည်။ တန်အင်မန်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုသည် တရုတ်ကျောင်းသား ပြည်သူများစွာ သွေးမြေကျခဲ့ရသည်။ ဝေသည် ထိုအကြောင်းကို သူ၏ အချစ်ဇာတ်လမ်း၊ သူ့ဘ၀ဇာတ်ကြောင်းနှင့် ရောကာ တင်ပြထားသည်။ လွမ်းမောဖွယ်ကောင်းသော အချစ်ဇာတ်လမ်း၊ ကြေကွဲဖွယ်ကောင်းသော ကျောင်းသားများ၏ ဇာတ်လမ်း၊ အာဏာရှင်အောက်တွင် တွန်းလှန်တော်လှန်သော စိတ်ဓာတ်၊ ထို ၁၉၈၉ အချိန်က ကျီးလန့် တစားစားဖြစ်နေရသည့် အချိန် စသည်တို့ကို ထိုစာအုပ်တွင် တွေ့သိခံစားရလိမ့်မည်။

ထိုစာအုပ်ကို ဖတ်နေစဉ်အချိန်တွင် ကျွန်တော်ရင်တွင်း၌ မြန်မာ့ကျောင်းသားလှုပ်ရှားမှု သမိုင်းနောက်ခံ ၀တ္ထုများကို သတိရမိသည်။ ပထမဆုံးတစ်အုပ်က သိန်းဖေမြင့်၏ “သပိတ်မှောက်ကျောင်းသား” ဖြစ်သည်။ ၁၉၃၆ ကျောင်းသားသပိတ်ကို နောက်ခံပြုပြီး ရေးဖွဲ့ထားသည့် ၀တ္ထုဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ညိုထွန်း၏ ပြတ်သားသည့်စိတ်ဓာတ်၊ ထိုခေတ်က ကျောင်းသားသမဂ္ဂ မြန်မာ့သမိုင်းမှာ အရေးပါခဲ့သည့် ကျောင်းသားသမဂ္ဂကို တွေ့မြင်နိုင်သည်။ ကိုနု၊ ကိုအောင်ဆန်း မှအစပြု၍ မအမာကဲ့သို့သော နာမည်ကျော် သမိုင်းဝင် အထင်ကရများကို ထိုစာအုပ်တွင် ကျွန်တော်တို့ လေးလေးစားစားဦးညွတ်ရသည်။ သိန်းဖေမြင့်၏ “အရှေ့မှ နေ၀န်းထွက်သည့်ပမာ” သည် ၁၉၃၈မှ ၁၉၃၉ အင်္ဂလိပ်အပြေးကာလနှင့် စကာ ဂျပန်အ၀င် ကာလနှင့် အဆုံးသတ်ထားသည်။ ဤစာအုပ်တွင်မှု မျိုးချစ်စိတ်ရှိသူ တင်ထွန်းကို ဇာတ်ကောင်ထားသည်။ တင်ထွန်း၏ အချစ်ဇာတ်လမ်းများနှင့် ထုံမွှမ်းလွန်းသည်ဟု ဝေဖန်သူများက ဝေဖန်ကြသော်လည်း ထိုခေတ်ထိုကာလက လူတို့၏ သရုပ်ကို ဖော်ပြသည့် ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်ပေသည်။ သိန်းဖေမြင့်၏ လက်ရာများကို ဖတ်ပြီးလျှင် သူသည် လူ့သရုပ်ဖော်ရာ အလွန်းကျွမ်းကျင်သော စာရေးဆရာတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချနိုင်သကဲ့သို ထိုခေတ်ထိုအခါက ထိုစာအုပ်များကို ထုတ်ဝေခွင့်ရခဲ့ သည်ကို ကျွန်တော်အားကျမိလေသည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်ကို တော်လှန်ရာ ကျွန်ဘ၀မှ လွတ်မြောက်ရာ စာပေများကို အင်္ဂလိပ်အစိုးရက သိသိနှင့် ခွင့်ပြုခဲ့ခြင်းပေလော မြန်မာစကားကို နားမလည်၍ ဆင်ဆာစီစစ်ရေး မရှိခဲ့လေသလောဟု ကျွန်တော်စဉ်းစားမိလေသည်။

မောင်သာရ၏ “ကျည်တုပ်ခံဝံ့ မခံဝံ့” သည် မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂလှုပ်ရှားမှု တပိုင်းတစ နှင့် ထောင်အတွင်း နှိပ်စက် မေးမြန်းပုံကို အဓိကထားကာ ရေးသားထားသည်။ ကျွန်တော်နားမလည်သည်က သခင်နုသည် ထောင်အကြောင်းရေးသည် သို့ရာတွင် သူအာဏာရလာသောအခါတွင်မှု နိုင်ငံရေးသမားများ ကျောင်းသားများကို အဘယ်ကြောင့်ထောင်ချရသနည်း။ လွတ်လပ်ပြီးခေတ်က နိုင်ငံရေးသမားတို့သည် ထောင်ကျသော်လည်း ထောင်တွင်း ဖိနှိပ်မှုများ မရှိဟု ဆိုကြသည်။ သို့သော် မောင်သာရ၏ ကျည်တုပ်ခံဝံ့ မခံဝံ့က ထိုခေတ်က အခြေအနေကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာအုပ်ရေးသည်မှာ ၁၉၇၀ ၀န်းကျင် မဆလခေတ်တွင် ဖြစ်သည်။ အဖြစ်အပျက် ဖြစ်ပြီး နှစ် ၂၀ အကြာတွင်ဖြစ်သည်။ သို့သော် ထုတ်ဝေပြီး ခဏအကြာတွင် စာအုပ်များကို လိုက်သိမ်းသည်ဟု ဆိုကြသည်။ ကျောင်းသားသမဂ္ဂ၏ လှုပ်ရှားမှုကို မဆလအစိုးရက ဖျောက်ဖျက်ချင်၍လောဟု တွေးတောရသည်။ ၁၉၆၂ တွင် ဗိုလ်ချူပ်နေ၀င်း အစိုးရသည် ကျောင်းသားသမဂ္ဂအဆောက်အဦး ကို ဖြိုခွဲဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂနှင့် ပတ်သက်သည့်လှုပ်ရှားမှုများကို ဖျက်ဆီးချင်သည့် သဘောရှိသည်ဟု ခန့်မှန်းနိုင်သည်။ သို့ရာတွင် စာပေစီစစ်ရေးကို အုပ်ချုပ်သူက တိုက်ရိုက်မအုပ်ချုပ်သေးဟု လည်း ခန့်မှန်းနိုင်သည်။

မဆလ လက်ထက်တွင် သရုပ်ဖော် စာပေသည် အလွန်ထွန်းကားလာသည်။ မောင်သာရ၊ နုနုရည်(အင်းဝ)၊ နိုင်ဝင်းဆွေ၊ မြသန်းတင့် စသည့် စာရေးဆရာတို့၏ ခေတ်ကို ထင်ဟပ်သည့် အရေးအသားများသည် မြန်မာ့စာပေလောကကို တခေတ် ဆန်းသစ်စေခဲ့သည်။ ထိုခေတ် ထိုအခါက ခေတ်စားသည့် မှောင်ခိုလောကသည် ထိုစာရေးဆရာများ၏ ရေးကွက် များဖြစ်လာသည်။ ခေတ်၏ ဆိုးရွားလှပုံကို နိုင်ဝင်းဆွေက “မသိန်းရှင်ဆီ ပို့ပေးပါ” မောင်သာရက “ကြောက်ရွံခြင်း မှ ကင်းဝေးရပါလို၏”၊ မြသန်းတင့်က “မာယာဘုံ” စသည်ဖြင့် စာပေကောင်းများထွက်ပေါ်လာခဲ့သည်။ ကျွန်တော်က တော်လှန်သောစာပေဟုပြောသော်လည်း ခေတ်ကို ထင်ဟပ်စေသည့်စာပေသည် ကျွန်တော်တို့ ရင်တွင်း စွဲကျန်နေခဲ့သည်သာဖြစ်သည်။ တက္ကသိုလ်ဘုန်းနိုင်၏ “သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်” သည် နိုင်ငံရေး တော်လှန်ရေးစာပေ မဟုတ်သော်လည်း အဆင့်အတန်းရှိသော ခေတ်ကိုဖော်ပြသောစာပေ ပင်ဖြစ်သည်။

အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ် ၊ ယနေ့ခေတ်..။

၁၉၈၈ နောက်ပိုင်းတွင်တော့ ကျွန်တော်တို့ မြန်မာစာပေ၏ လွတ်လပ်စွာရေးသားမှုတို့သည် ကန့်သတ်ကြီးစွာ ချုပ်ချယ်ခံလာရတော့သည်။ ခေတ်ဆိုသည့် အကြောင်းအရာကို တိုက်ရိုက်ဖော်ပြ၍ မရတော့ပေ။ ထို့ကြောင့်

မင်းလူသည် သူ့အဖေ သာဓုကဲ့သို့ လွတ်လွတ်လပ်လပ် လူဝါး၀၀ မရေးနိုင်တော့ပေ။ တစ်ချက်တစ်ချက်မှသာ ကြိုးကြားကြိုးကြား ခေတ်ကို ဖော်ပြလာရသည် ။ မစန္ဒာသည်လည်း ဂျီဟောသူလို ကျောင်းပတ်ဝန်းကျင်ကို မရေးနိုင်တော့ပဲ ဆဌဂံ ကဲ့သို့သော ခေတ်ကိုေ၀၀ိုက်သော အရေးအသားမျိုးများနှင့် တင်ပြကြသည်။ ဂျူးသည်လည်း “ပင်လယ်နှင့်တူသော မိန်းမများ”မှ “သူ .. ဘယ်တော့မှ ” ကဲ့သို့ အဓိပ္ပါယ် တွေးယူချင် ယူနိုင်သော အရေးအသားမျိုး ရေးသားလာသည်။ သို့သော် မြန်မာ ၀တ္ထုတိုများ ပိုမို ထွန်းကားလာကာ ၀တ္ထုတိုသည် ဒက် ကနဲနှင့် ထိသည်။ ဇာတ်အိမ် ကြီးကြီးမလို။ ပေးချင်သည့် အရာကို ဒက်ခနဲ ထိအောင် ပေးနိုင်သည်။ မြန်မာစာပေ စိစစ်ရေးကို ဖြတ်ကနဲ လုပ်ပြပြီး မြန်မာ့စာပေလောက တွင် တိုးတက်လာသည်။ နေ၀င်းမြင့်၏ ပုစဉ်း ရင်ကွဲ ၊ ဆယ့်နှစ်ကြိုး စသည်တို့မှ ၀တ္ထုတိုများသည် စူးကနဲ့ ခံစားမှုမျိုးကို ပေးသည်။ ဥတ္တရလမင်း ၀တ္ထုတိုများသည်လည်း စာပေရသ အားကောင်းသည်။ ဟံသာဝတီ ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” ကို ကျွန်တော် ဖတ်ရတော့ မြသန်းတင့်ကို သတိရသည်။ သူတို့ ခေတ်က အရေးအသာကို ပြန်လည် တွေ့ရသည်။ ရဲရင့်သည်။ ခိုင်မာသည်။ ရှင်းလင်းသည်။ စကားလုံးကြွယ်ဝသည်။ စာပေစိစစ်ရေး ဟူုသော တံတိုင်းအောက်တွင်မူ ထိုကဲ့သို့ စကားလုံးများသုံးခွင့်မရနိုင်ပေ။

သခင်ကိုယ်တော်မှိုင်း မှ အစပြုပြီး သခင်အောင်ဆန်း၊ သခင်နု၊ သခင်သိန်းဖေတို့ အစပြုသည့် နိုင်ငံရေးသမားများ၊ ပီမိုးနင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ လူထုဦလှ၊ လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ် စသည့် စာပေပညာရှင်များ ၊ မြို့မငြိမ်း ၊ရွှေတိုင်ညွန့် စသည့်အနုပညာရှင်များ သည် အမျိုးသားလွတ်မြောက်ရေးကို ကြိုးပမ်းခဲ့သော်လည်း သူတို့ မြင်ချင်သည့် တိုးတက်ဖွံဖြိုး အေးချမ်းသော မြန်မာပြည်ကြီးကား ယနေ့ခေတ်တွင်ပင် မဖြစ်သေးပေ။ စာပေလွတ်လပ်မှု ပညာရေးအဆင့်အတန်းများသည် တစ်ခေတ်ထက်တစ်ခေတ် နိမ့်ကျလာသည်မှာလည်း ယနေ့ခေတ်သည့် အနိမ့်ကျဆုံးအခြေအနေတွင်ရှိနေသည်။ အင်္ဂလိပ်စာတွင် အသံထွက်အသုံးအနှုန်း နိမ့်ကျလာသည်သာမက မြန်မာစာတွင်ပင် အဆင့်အတန်း နိမ့်ကျလာသည်။ ပထ၀ီ၊ သမိုင်း စသည့် ၀ိဇ္ဇာဘာသာရပ်များတွင်သာမက သင်္ချာ၊ဇီဝ၊ ဓာတု၊ ရူပ စသည့် သိပ္ပံဘာသာရပ်များလည်း နိမ့်ကျလာသည်။ ၁၉၉၀ လောက်က နိုင်ငံတကာက အသိအမှတ်ပြုသော YIT စက်မှုတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ပညာရေးအဆင့်အတန်းသည်ပင် နိမ့်ကျလာနေသည်။

တစ်ခေတ်ထက် တစ်ခေတ် နိမ့်ကျလာသည်ဟု ကျွန်တော်က ဆိုလျှင် NASA တွင် ကျောင်းတက်ခွင့်ရသော ကျောင်းသားတို့ ၊ နိုင်ငံတကာရှိ တက္ကသိုလ်များ ကျောင်းများတွင် အောင်မြင် ထူးချွန်နေသော ကျောင်းသားများ ၊ အင်တာနက်မှ အစပြုကာ ကမ္ဘာနိုင်ငံများကို အဆက်အသွယ်လုပ်ခွင့်ရှိလာခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး အတွက် တံတားများ များလာခြင်းကို ထောက်ကာ တိုးတက်နေသည်ဟု အတင်းအကန် ငြင်းပါက ငြင်းနိုင်ပါသည်။ ခေတ်မှီတိုးတက်နေပါသည် ဟု ဆိုက ဆိုနိုင်ပါသည်။ သို့သော် ထိုသို့သော လုပ်ပိုင်ခွင့် ရပိုင်ခွင့်ရှိသူမှာ လက်တစ်ဆုပ်စာ လူတန်းစာပင်ဖြစ်သည်။ နိုင်ငံပညာရေးအခြေအနေ မကောင်းသောကြောင့် ပညာရေးသည် ဘ၀အာမခံချက်မပေးသောကြောင့် နိုင်ငံခြား တိုင်းပြည်များသို့ထွက်ကာ ပညာသင်ကြားခြင်း ဖြစ်သည်ကို ဂရုပြုသင့်သည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲခဲ့သော်လည်း ခိုင်မာသည့် ပညာရေးစနစ်ကို မပြောင်းလဲပဲ ဆက်လက်ကျင့်သုံးခဲ့ခြင်းကြောင့် ယနေ့ကမ္ဘာ့ ပြောင်းလဲမှုတွင် ရှေ့တန်းမှ ပါဝင်လာနိုင်သည်ကို အတုယူသင့်သည်။

ကျွန်တော်တို့သည် ကိုယ့်လူမျိုးအပေါ် ကိုယ် အထင်ကြီးကြသည်။ တချိန်က ယိုးဒယားကို တိုက်ခိုက်ခဲ့တာကို ဂုဏ်ယူနေကြဆဲဖြစ်သည်။ တချိန်က ပုဂံနိုင်ငံတော်ကြီးထူထောင်ခဲ့သည်ကို ပြောမဆုံးသေးပေ။ ဦးသန့်အကြောင်းကို ဂုဏ်ယူစွာနှင့် ခေါင်းမော့ပြောနေဆဲပင်။ အမှန်တကယ်တော့ ကျွန်တော့်အဘွားပြောသကဲ့သို့ ဆုတ်ကပ် တွင်းမှာရောက်နေခြင်းကို သတိမပြု လက်မခံနိုင်သေးပေ။ မာနကြီးတခွဲသားနှင့် မာန်တင်းနေဆဲ တကယ်မှာက အထည်ကြီးပျက် ဖြစ်နေလေပြီ။ အရာရာကို ပြင်ဖို့ဆိုသည်မှာ မလွယ်လှပေ။ ပြုပြင်သည် ဆိုသည်မှာ လက်ရှိအခြေအနေက မကောင်းဟု အရင် လက်ခံရမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိအစိုးရသည် အမှန်တရားကို လက်မခံနိုင်ခြင်းကြောင့် ကမူးရှူးထိုး ဖြစ်ကာ တိုင်းပြည်နှင့်ပြည်သူ အား ဆင်းရဲခြင်းတွင်းမှ မလွတ်မြောက်စေပဲ ဖြစ်နေတော့သည်။

ကိုငယ်

(မန္တလေး)

၂၀၁၀ လမ်းပြကြယ် စာကြည့်တိုက် နှစ်ပတ်လည်စာစောင်မှ

Saturday, January 22, 2011

ဘာဖြစ်နေလို့လဲ.. ဆို..။

ဘာမှမဖြစ်ပါဘူး ဘာမှ မဖြစ်ပါဘူးဆိုပြီး ဗိုက်တောင်ကြီးလာပြီကို... ဒီဘုန်းကြီးကလေ။ ၂၀၀၇ အရေးအခင်းဖြစ်တာ ဘုန်းကြီးတွေကြောင့်မို့ ဒီဘုန်းကြီးတွေကို အမြစ်က ဖြတ်မှဆိုပြီး အရောတွေကို ဘုန်းကြီးကျောင်းတွေ ပို့လိုက်တော့... ကဲ... ကကြခုန်ကြ.. ဖက်ကြ နမ်းကြ.. ပျော်ကြ ပါးကြ.. နှစ်လုံးသုံးလုံး ဖွင့်ကြ.. ဘုရားရှေ့မှာ နှစ်ပါးသွားကြ..။

--------------

တနေ့က ဗီဒီယို အပိုင်းလေး တစ်ခုကြည့်မိပြီး ရေးထားတဲ့ ကျွန်တော့်ရဲ့ Status က စာပါ။ Facebook မှာ တင်တဲ့သူက တင် အောက်မှာ ကွန်မန့်ရေးတဲ့သူက ရေး။ တချို့က သူငယ်ချင်း အချင်းချင်း ပြောင်ကြနောက်ကြ စကြ။ တချို့ကြတော့လည်း အဲဒီကွန်မန့်ထဲမှာကို တစ်ယောက်နဲ့တစ်ယောက် ဆဲကြဆိုကြ သဘောထားကွဲလွဲကြပေါ့။ နောက်တော့ လက်ခံထားတဲ့သူငယ်ချင်းတွေ Block လုပ်ကြ။ အခုလဲ ကျွန်တော်နဲ့ သဘောထားကွဲလွဲတဲ့သူ တစ်ယောက်ကို တွေ့တာနဲ့ ကွန်မန့် ရေးပါတယ်။ ကျွန်တော်ကတော့ သဘောထားကွဲတာကို လက်ခံပါတယ်။ သူ့အမြင်နဲ့ ကိုယ့်အမြင် ဖလှယ်လို့ရတာပေါ့။ ကွန်မန့်က အလုံး ၈၀၀၀ ကျော်နေလို့ ပေးလို့မရတော့ဘူး။ အဲဒါနဲ့ နုတ်ထဲကို ရောက်လာတော့တာပါပဲ။ သူက ကျွန်တော်သူငယ်ချင်းမဟုတ်ပါဘူး။

ဗီဒီယို အပိုင်းက ဘုန်းကြီးတစ်ပါးက စင်မြင့်ပေါ်မှာ မိုက်ခရိုဖုန်းနဲ့ အောက်က ပရိတ်သတ်ကို ကကြဖို့ တိုက်တွန်းပြီး ရာနဲ့ချီရှိတဲ့ ပရိတ်သတ်ဟာ ခန္ဓာကိုယ် လှုပ်ရှားကခုန်ကြပါတယ်။ သူက ဗီဒီယို ကို ကြည့်ပြီး Nothing is wrong ဘာဖြစ်နေလို့လဲ လို့ ဆိုပါတယ်။ ဒါဟာ စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းပါတဲ့။ ဘာသာရေးသင်တန်းမဟုတ်ပါဘူးတဲ့။ ဘုန်းကြီးတွေဟာ ဆယ်တန်းကျောင်းသားတွေကို စာသင်တယ်။ အင်္ဂလိပ်စာ သင်္ချာစတာတွေသင်ပေးပါတယ်တဲ့။ အခု ရုပ်သံ အပိုင်းလေးက လည်း ထို့နည်းတူ ပါပဲတဲ့။ အမြင်တွေ ရှင်းရှင်းလင်းလင်းထားကြပါလို့လဲ ပြောထားပါတယ်။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကျော်ဇင်က “မဟုတ်သေးဘူးဗျ ၈ပါးသီလမှာ နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ဆိုပြီးပါတယ် ဆိုတာ ကတာနဲ့ပက်သက်ပြီး မြတ်စွာဘုရားက ပညတ်ထားတာ ဒီနေရာမှာဘုန်းကြီးမဟုတ်ပဲ တခြားလူတယောက်ဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး... အခုက ဘုန်းကြီးကလုပ်ခိုင်းတာဆိုတော့ အမြင်မတင့်တယ်ဘူးဗျ ဝင်မကတာတောင် သူကတိုက်တွန်းတဲ့သူ ဖြစ်နေပြီလေ အာပတ်လဲလွတ်မှာမဟုတ်ဘူး” လို့ သူ့အမြင်ကိုပြောထားတယ်။ တိုရှင်းပြီး ထိရောက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လျှာရှည်ပါရစေ။

လူတွေက လူအလုပ်လုပ်ရသလို ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ်ရတယ်ဆိုတာ ဟိုး အရင် ဖဆပလ ဦးအောင်ဆန်းခေတ်ကတည်းက ဦးအောင်ဆန်းက ပြောခဲ့တယ်လို့ ဖတ်မှတ်ဖူးပါတယ်။ တလောက လူဓမ္မကထိကတွေ များသထက်များလာတာကို ဆရာတော်တစ်ပါးက “လူဓမ္မကထိကတွေ များလာတာဟာ ဘုန်းကြီးတွေ ဘုန်းကြီးအလုပ်မလုပ်လို့” ဟု တရားဟောဘူးပါတယ်။ လွတ်လပ်ပြီးခေတ် နောက်ပိုင်းမှာဘုန်းကြီးတွေ ပျက်ဆီးလာပုံကို သိန်းဖေ ဆိုတဲ့စာရေးဆရာတစ်ယောက်က ၀တ္ထုတစ်ပုဒ်ရေးတယ်။ အဲဒီစာအုပ်ထုတ်အပြီးမှာ လူကြိုက်များကြလွန်းလို့ သူ့နာမည်ကို “တက်ဘုန်းကြီး သိန်းဖေ”လို့ ခေါ်တွင်သွားတယ်။ အဲဒီတော့ ကျွန်တောထင်တာက ဘုန်းကြီးက ဘုန်းကြီးအလုပ်ပဲလုပ်သင့်တယ်။

တရားဓမ္မဆိုတာ သိမ်မွေ့နက်နဲသလို ခက်ခဲလှပါတယ်။ အဲဒါကို လူသာမာန်တွေနားလည်အောင် ပုံတိုပတ်စနဲ့ ရှင်းလင်းဟောပြရင် ကျွန်တော်လက်ခံပါတယ်။ အဲဒါကြောင့် ရွှေမန်းတင်မောင်က ဘုရားဇာတ်တော်တွေကို ပြဇာတ်ပြုတော့ ဆရာတော်ကြီးတွေက သာဓုခေါ်ကြသတဲ့။ (ဒါပေမယ့် ရွှေမန်းတင်မောင်ရဲ့ဇာတ်တွေထဲမှာ အချိန်အတိုင်းအတာအရ ချုံ့လိုက်တဲ့ အဖြစ်တွေ အများကြီးပါ)။ ကျွန်တော်တို့လူတွေအများစုဟာ လူပိန်းတွေပါ။ စင်ပေါ်ကလူ လုပ်သမျှကို လက်ခုပ်တီးနေတတ်သူတွေပါ။

စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းဆိုပြီး (ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးအဖွဲ့ကြီးက ဖွင့်ပေးတဲ့သင်တန်းလို့ ဆိုကြပါတယ်) မှာ သင်တန်းပြသူကလဲ လူပဲဖြစ်သင့်တယ်။ ဘုန်းကြီးမဖြစ်သင့်ပါဘူး။ ဒါပေမယ့်လည်း သူပြောခဲ့သလို ဘုန်းကြီးတွေက ပညာဒါန အနေနဲ့ ဆယ်တန်းကျောင်းသားတွေကို စာသင်ပေးတာ၊ အင်္ဂလိပ်စာ သင်ပေးတာတွေဟာ ကျွန်တော်တို့ လူတွေက လူ့အလုပ်မလုပ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲဒါတွေက ၀တ်နည်းတွေနဲ့ လွတ်တယ်။ ပညာဒါန ဖြစ်ပါတယ်။ အခုဟာက ရွနည်းကို သင်ပေးသလိုဖြစ်နေပါတယ်။ ရွတာက သင်ပေးစရာမလိုပါဘူး။ သဘာဝအရကို ရွတတ်ပြီးသားပါ။ စာအုပ်စာပေ မင်းသားမင်းသမီး MTVဆိုတာတွေ ကြည့်ပြီး လှုပ်တာ ကတာကို ကလေးငယ်တွေတောင် သိနေ လုပ်တတ်နေကြပါတယ်။ ဘုန်းကြီးက ကကြလို့ ပြောနေစရာမလိုပါဘူး။

ဗုဒ္ဓဂါယာသွားတုန်းက ကုသိနာရုံဆိုတဲ့ ဘုရားပရိဗ္ဗိမာန်ပြုတဲ့နေရာက ဘုန်းကြီးကျောင်းမှာ ဦးပဇင်းတွေက သီချင်းတွေဖွင့်ပြီးဘုရားဖူးတချို့က ကခုန်ကြတယ်။ Waka Waka တောင်ပါသေး ။ ကျောင်းထိုင်ဘုန်းကြီးတော့မရှိပါဘူး။ လက်ထောက်ဘုန်းကြီးပါ။ အဲဒါ သာသနာရေးဝန်ကြီးဌာနက ဦးစီးတဲ့ ဘုရားဖူးအဖွဲ့နဲ့ သာသနာရေးဝန်ကြီးဌာနက လွှတ်ထားတဲ့ ဘုန်းကြီးပါတဲ့။ မြင်တဲ့ နိုင်ငံခြားသားတွေက တအံတသြနဲ့ ဖြစ်နေတယ်။ သူတို့တွေက နေရာမှားနေတယ်လို့ ထင်မယ်။ မနေနိုင်လို့ အရှင်ဘုရားတို့ ဘယ်တော့လောက် ဒီပါတီ ရပ်မှာလဲဘုရားလို့ သွားလျှောက်တော့မှ နှစ်ပုဒ်လောက် ထပ်ဖွင့်ပြီး ရပ်သွားရော..။ ကာလံဒေသံဆိုတာ တောင် နားမလည်တော့တဲ့သူတွေက တော်တော်ဆိုးတယ်။

အပျော်ခရီးထွက်ချင်ရင် ချောင်းသာ ငွေဆောင် စတဲ့နေရာတွေ သွားပေါ့။ အရက်သောက်ချင်ရင် အရက်ဆိုင်သွားပေါ့။ ကမြော့ချင်ရင် ကချင်ရင် နိုက်ကလဒ် တွေသွားပေါ့။ ဒါပါပဲ နိုင်ငံခြားသားတွေက ဘုရားဆင်းတုတွေကို နိုက်ကလပ်တွေမှာ အလှထားရင် မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ဒေါသထွက်လို့ ၀မ်းနည်းလို့ မဆုံးဘူး။ ဟိုကသူတွေက ကိုးကွယ်တာ မဟုတ်ဘူး။ ဒီကလူတွေကတော့ ကိုးကွယ်တယ် ကိုးကွယ်တယ်ဆိုပြီး ကော့လန်ကော့ကားတွေကို လုပ်နေကြတာက ပိုဝမ်းနည်း ဒေါသဖြစ်ဖို့ သင့်တယ်။ ကျွန်တော်ကရော ဒေါသထွက်လားဆိုတော့ မထွက်ပါဘူး။ အော်.. အမှားနဲ့ အမှန်ကို ခွဲခြားမသိနိုင်တော့တဲ့သူတွေ များလာတယ်ဆိုတာပဲ သတိပြုမိတယ်။

အဲဒီလို ကျောင်းဆရာက ကျောင်းစာကို ကောင်းကောင်းမသင်နိုင်၊ သီချင်းသည်က တေးသံအတွက် စာသားကို လွတ်လွတ်လပ်လပ် မဆိုနိုင်၊ သရုပ်ဆောင်က လည်း ထို့နည်းတူ။ တပ်မတော်သားကလည်း သူ့အလုပ်မလုပ်နိုင် အုပ်ချူပ်ရေးလုပ်ရ ယဉ်ကျေးမှုလုပ်ရ သာသနာရေးထိန်းရ ပညာရေးလုပ်ရ။ ဘုန်းကြီးတွေလဲ အဲလိုပဲ ကိုယ့် တရားဓမ္မရှာတာ ဟောပြောတာလုပ်ဖို့ထက် တကာတကာမ မျက်နှာကြည့်ပြီး နေရတယ်။ ကဲ.. အဲဒါတွေအားလုံးကို Nothing is wrong လို့တော့ သူက ထင်ချင်ထင်ပါ။ ကျွန်တော်တော့ မထင်နိုင်ဘူး ။ ကျွန်တော် ထင်တာက Everything is wrong!

ကျွန်တော်ထက်ပြီ စဉ်းစားကြည့်ပါတယ်။ ဥပမာ ဘုန်းကြီးတွေက ဒီအတိုင်းသာ ဆက်လုပ်သွားမယ်ဆိုရင် (တယောက်ယောက် အလိုကျပေါ့လေ) နောက်ဆို ဘုန်းကြီးဖွင့်တဲ့ အနှိပ်ခန်းတွေတောင် ထွက်လာမလားမသိဘူး။ အနှိပ်ခန်းတွေက ပင်ပန်းနွမ်းနယ်မှုတွေကို လျော့စေလို့လေ။

ဘုရားခေတ်က တတ္ထိတွေရဲ့ အယူအဆတစ်ခုက ကာမဂုဏ်ကို အ၀ခံစားလိုက်ရင် ငြိမ်းချမ်းပါသတဲ့။ ၀က်သားအအီအဆိမ့်ကို အ၀ မုန်းအောင်စားလိုက်ရင် နောက်ရက်မှာ မစားချင်တော့သလိုပဲ ကာမဂုဏ်ကို အဲလိုခံစားရမယ်လို့ ဟောပြောပါတယ်။ အဲဒါကို လူတွေက သဘောကျကျတယ်။ ဟုတ်တော့ဟုတ်သလိုလိုလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် သွေးသားဆန္ဒကုန်သွားလို့ဖြစ်သွားပေမယ့် ပြန်ပြည့်လာတဲ့အချိန်မှာ ပြန်လည် တောင်းတတာပါပဲ။ မချူပ် မပြတ်သွားပါဘူး။ အဲဒီလို အယူအဆမျိုး အိန္ဒိယမှာ ဘုရားပွင့်ပြီး ၁၂ ရာစု ၁၃ ရာစုလောက်မှာ ခေတ်စားခဲ့တယ်။ အဲဒါကြောင့် ကာမဂုဏ်ကို ချူပ်တည်းပြီးဖြတ်ရမယ်လို့ ဟောခဲ့တဲ့ ဂေါတမရဲ့သာဿနာဟာ အဲဒီအချိန်လောက်မှာ တိမ်မြောက်ကွယ်ခဲ့ရတယ်။ ဖျက်ဆီးခံခဲ့ရဖူးပါတယ်။ ရက်ရက်စက်စက် ဖျက်ဆီးခံခဲ့ရသလို ဟိုဘာသာရောထည့် ဒီဘာသာရောထည့်ပြီး ကိုယ့်ဘာသာကပဲ သူ့ဘာသာယူထားသလိုလို အနုနည်းနဲ့ ရောဖျက်လုပ်တာကိုလည်း ခံခဲ့ရပါတယ်။

အဲဒီတော့ လူတွေက ကာမဂုဏ်မှာ မွေ့လျော်တဲ့သဘောရှိတယ်။ ဘုန်းကြီးတွေက သူတို့ရဲ့ အာဏာကျော်ဇောမှု ဒါမှမဟုတ် သူတို့ကို ထောက်ပံ့တဲ့ သူတို့ရဲ့ အောင်မြင်မှု အရှိန်အ၀ါတွေအောက်ကနေ ရုန်းမထွက်နိုင်တော့ဘဲ လူတွေအကြိုက် ကာမဂုဏ် ပျော်ပါးမှုအကြောင်းတွေကို ဟောကြားနေတာဟာ ကျွန်တော် အထင်အမြင်နဲ့ကတော့ တော်တော် အဆင်မပြေတာပါ။ ဒါပေမယ့် ခေတ်က ဒီလိုဆိုရင်တော့လဲ...။

ကျွန်တော် မြန်မာလို ရေးထားတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။ အရာအားလုံးက မှားနေမှတော့ ဒီအရာကိုက မှားနေတာပါလို့ ပြောဖို့ရာ စကားစတွေ အ.. ထစ်နေပါတယ်။ ဒါပေမယ့် လုပ်နိုင်သလောက် အ ထစ် အ ထစ်နဲ့ပဲ ကျွန်တော် ဒီစာကို ရေးပါတယ်။

ကျေးဇူးတင်ပါတယ်။

အဖွားစိန်ကျွေးတဲ့ နေလယ်စာ

ဒီရက်ပိုင်း အားရင် စာရေးဖို့ စိတ်ပါလက်ပါဖြစ်နေတယ်။ အားလပ်ရက်မှာဆို အိမ်အလုပ်လုပ် ဟင်းချက်နဲ့ မအားတဲ့ကြားက ခေါင်းထဲကို စိတ်ထဲကို ရောက်ရောက်လာတဲ့ အကြောင်းအရာတွေက စာရေးချင်အောင် လှုံ့ဆော်ပေးနေတယ်။ မောင်ပွတ်က “ကိုငယ်.. သံလွင်အတွက်လဲ ချန်ထားဦး”လို့ ပြောတော့ ရေးမယ့်အကြောင်းအရာက ကန့်သတ်လိုက်သလိုဖြစ်သွားပြန်တယ်။ စာရေးချင်နေတုန်းမှာ ရန်ကုန်ပြန်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်တော့ အဖွားစိန်အကြောင်း ရေးချင်လာတယ်။ သူ့မြေးရေးတဲ့ “ဖွားစိန်တို့ အိမ်” ကိုတော့ သံလွင်အိပ်မက် အသစ်ထွက်ရင် တွေ့ရပါလိမ့်မယ်။

အဖွားစိန်အကြောင်းရေးမယ်ဆိုတော့ ကျွန်တော်နဲ့ ပတ်သက်တာလေးတွေ သတိရမိတာလေးတွေပဲရေးရတာ။
အဖွားဆိုလို့ ကျွန်တော့်အဖွားတော့မဟုတ်ပါဘူး။ စည်သူတို့ ညီညီတို့ရဲ့အဖွားပါ။ ကျွန်တော်တို့သူငယ်ချင်းမိတ်ဆွေတွေက သူတို့ခေါ်သလို ဖွားစိန်လို့ပဲ လိုက်ခေါ်ပါတယ်။ ကျွန်တော်မှာက အမေရဲ့ အမေ အမေငြိမ်းက ကျွန်တော်မမွေးခင် ကတည်းက ဆုံးသွားတယ်။ နောက်အဖေရဲ့ အမေ အဖွားဒေါ်လှမင်းက ကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့အချိန်က ဆုံးသွားပြီဆိုတော့ ဆယ့်သုံးနှစ်လောက်ရှိပါပြီ။ အမေရဲ့မိထွေးဖြစ်တဲ့ အမေတင်လဲ ဆုံးတာ နှစ်နှစ်လောက်ရှိသွားပြီ။ အဖိုးတွေလဲ မရှိတော့ပါဘူး။ အဲဒီတော့ အဖိုးအဖွားဆိုတဲ့ မျိုးဆက်က မရှိတော့ဘူး။

ရန်ကုန်အိမ်ရောက်တော့ လေးလေးတို့အိမ်မှာ နေရတဲ့ အချိန် စည်သူရှိတဲ့ အဖိုးတို့ အဖွားတို့ အိမ်ကို ခဏခဏရောက်တော့ အဖိုးတို့ အဖွားတို့ နဲ့ ရင်းနှီးလာခဲ့တယ်။ ငယ်ငယ်ကတော့ ရန်ကုန်ကို လာလည်ရင် အဖိုးနဲ့အဖွားတို့အိမ်ကို ခဏတဖြုတ်တော့ရောက်လေ့ရှိပေမယ့် ကြာကြာမနေဘူးတော့ မရင်းနှီးခဲ့ဘူး။ အဖိုးဦးလှစိန်ဆုံးတာ ဆယ်နှစ် လောက်ရှိပေမယ့် အဖွားကတော့ မာတုန်း ပါပဲ။ တလောက သူ့သားအကြီးဆုံး ဘကြီးစိုး ဆုံးသွားတယ်။ ကျွန်တောရန်ကုန်ရောက်နေတဲ့အချိန်က တစ်လပြည့် ဆွမ်းကျွေးနဲ့ကြုံလို့ သွားခဲ့သေးတယ်။ ဘဘလေးလို့ခေါ်တဲ့ ညီညီရဲ့ အဖေက တလောက လေဖြတ်ပြီးဆေးရုံတင်ခဲ့ရပေမယ့် အခုတွေ့တဲ့အချိန်မှာ ကိုယ်ရေစစ်သွားပြီး ကျန်းမာရေးကောင်းတဲ့ ပုံပါပဲ။

ကျွန်တော် ရန်ကုန်ရောက်ပြီး နောက်တစ်ရက်မှာပဲ အဖွားစိန်ကို သွားကန်တော့ဖြစ်တယ်။ အဖွားက “ အိမ်မှာ ထမင်း တစ်ရက်လာစား.. ငယ်လေး ဘာစားမလဲ” လို့ ကျွန်တော့်ကို မေးတာနဲ့ ကျွန်တော်က “စားမယ်စိတ်ချ ဖွားစိန်..ငါးရံ့အူစားချင်တယ်.. ဘုရားဖူးက ပြန်လာမှ တစ်ရက်လာစားမယ်နော်”လို့ ကျွန်တော်က ပြန်ဖြေခဲ့တယ်။


တကယ်တော့ ငါးရံ့အူ ဆိုတာက ရန်ကုန်ရောက်မှ ကျွန်တော်စားဖူးခဲ့တာ။ အညာမှာက အရသာခပ်သက်သက် ငါးချေးကိုပဲ စားဖူးခဲ့တာ။ ငါးရံ့အူက မခါးဘူး။ အူအသေးလေးတွေရယ် အူအကြီးရယ် အသည်းရယ် အားလုံးကို ၁ လက်မ ၂လက်မ လောက်အရွယ်ရှိတယ်။ အဆီတွေထပ်ထားတဲ့ ငါးရံ့အူတစ်ဖက်ကို စားလိုက်ရင် ပါးစပ်ထဲမှာပျော်ဝင်သွား တဲ့ အပြင် မတူညီတဲ့ အူအသေးနဲ့ အူအကြီးတို့ရဲ့ နုညံ့မှု အသည်းတစ်စုံရဲ့ အရသာရှိမှုတွေက လျှာပေါ်မှာစွဲထင်သွားတတ်တယ်။ ခံတွင်းတစ်ခုလုံးပြည့်သွားတယ်။ ငါးညှီနံ့ နည်းနည်းရှိပေမယ့် ပုံမှန် ငါးခေါင်းဟင်းစားရသလောက်ပဲရှိတာမို့ ငါးချေးထက် အနံ့ အရသာရော ကွာပါတယ်။ သာပါတယ်လို့တော့ မပြောလိုပါဘူး ။ ငါးချေးကြိုက်တဲ့သူများက ငါးချေးမှ ငါးချေးကိုး။

ကျွန်တော်ဘုရားဖူးက ပြန်လာပြီး စင်္ကာပူကို မပြန်လာခင် ကြာသာပတေးနေ့မှာ အဖွားစိန်ရဲ့အိမ်မှာ နေ့လယ်စာစားခဲ့တယ်။ ငါးရံ့အူ၊ ၀က်သားဟင်းလေးချက်၊ ကျောက်ပွင့်သုပ်၊ မယ်ဇယ်ဟင်းခါး၊ ငါးပိရည်နဲ့ တို့စရာ။ ငါးရံ့အူကို ဆီပြန်ချက်ထားတော့ စားလို့ကောင်းတယ်။ ၀က်သားဟင်းလေးချက်ကတော့ သာမာန်ဝက်သားချက်ကို မန်းကျည်းနှစ်လေး နည်းနည်း ရောပြီး ချက်ထားတော့ အအီလျော့တယ်။



ကျွန်တော်စားဖူးတဲ့ ကျောက်ပွင့်သုပ် နှစ်မျိုးရှိတယ်။ အဖြူနဲ့အမည်းပါ။ အဖြူကတော့ စင်္ကာပူမှာလည်းရပါတယ်။ အမည်းကတော့ မော်လမြိုင်ဘက်မှာပဲ ရလေ့ရှိပါတယ်။ ရေညှိနံ့လေး နဲနဲ ယိမ်းပေမယ့် ပုဇွန်ခြောက်ထောင်းနဲ့ ကြက်သွန်နီရောသုပ်ထားတော့ စားရတဲ့အရသာက ထူးပါတယ်။ မယ်ဇယ်ဟင်းခါးကလည်း မော်လမြိုင်ဟင်းလို့ဆိုပါတယ်။ ငါးရံ့အူလေး စားလိုက်၊ ငါးပိရည်လေးစမ်းလိုက်၊ ၀က်သားတုံးလေး ၀ါးလိုက်၊ ကျောက်ပွင့်သုပ်လေးစားပြီး ဟင်းခါးလေးသောက် ခံတွင်းရှင်းလိုက် နှင့် ထမင်း နှစ်ပန်းကန် ကုန်သွားပါတယ် ။

ထမင်းစားပြီးတော့ အဖွားစိန်နှင့် စကားပြောပါတယ်။ရောက်တတ်ရာရာပါ။ ဟိုမြေးတွေက ဖုံးဆက်လား။ ဒီမြေးတွေက ကန်တော့လားဆိုတာတွေပါ။ သူငယ်ငယ်က မော်လမြိုင်မှာ သောင်းကျန်းသူတို့ ရှိနေတဲ့ အကြောင်းလဲပြောပါတယ်။ သူ့သားသမီးတွေအကြောင်းလဲ ပြောတယ်။ မျက်စိမကောင်းတော့တဲ့ အဖွားတူမ အန်တီစန်းကလည်း ဘေးမှာ ရှိတော့ အန်တီစန်းရောပါတာပေါ့။ ကျွန်တော်ပြန်တော့မယ်ဆိုတော့ အဖွားကို ကန်တော့ အန်တီစန်းနဲ့ သူ့အမေ အဖွားညီမ ဖွားပူတီ ကိုလည်း ကန်တော့ပြီး ပြန်လာခဲ့တယ်။


အရသာဆိုတာက ပါးစပ်ဖျားပေါ်မှာပဲပြီးသွားတာပါ။ ဒါပေမယ့် မေတ္တာပါတဲ့ ထမင်းဝိုင်းမှာတော့ တသက်စာအမှတ်တရတွေ စွဲထင်သွားတတ်ပါတယ်။ ချစ်ခင်သူတွေ ခွဲခွာနေရတဲ့ မိသားစုတွေ ၊ ဝေးကွာနေတဲ့ မိသားစုတွေ နွေးထွေးစွာ ပြန်လည်ဆုံတွေ့မယ့်နေ့တွေကို မျှော်လင့်ဆုတောင်းရင်း...။ အဖွားစိန် ကျန်းမာပါစေ..။

Thursday, January 20, 2011

နေဘုန်းလတ်အတွက်... စာ..။

သူငယ်ချင်းရေ

နေကောင်းရဲ့လား။ ငါလည်း စာရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ တော်တော်ကြာရော။ စာဆိုပေမယ့် မင်းအတွက်ကတော့ အစာတစ်ခုလိုပဲ အာဟာရဖြစ်စေမယ်မှန်းတော့ သိပါတယ်။ ဒါပေမယ့် ဟိုဟာရှုပ်ဒီဟာရှုပ်နဲ့ပဲ တစ်လတစ်လ အန်တီတို့ မင်းဆီသွားမယ့်နေ့ကို ကျော်ကျော်သွားလို့ မပေးဖြစ်လိုက်ဘူး။ ဒီဇင်ဘာရန်ကုန်ပြန်လာတုန်းကတောင် ငါ့လက်ရေးနဲ့ရေးမလို့စိတ်တော့ကူးမိပြီး လက်တွေ့က ဖြစ်မလာခဲ့ဘူး။ ရန်ကုန်က ပြန်လာတော့လည်း ၈ရက်နေ့ကို ဘားအံသွားမယ်လို့ ပြောတော့ စလုံးကိုရောက်ပြီးတော့မှ ရေးမယ်လို့ စိတ်ကူးထားပြီး မရေးဖြစ်ပြန်ဘူး။

ဒီဇင်ဘာက လစာမဲ့ခွင့်တွေများသွားတာက တစ်ချက်၊ ရန်ကုန်ပြန် ဗုဒ္ဓဂါယာသွားတာက တစ်ချက် ငါ့အိတ်ကပ်ထဲမှာ လိုငွေပြနေတာနဲ့ အလုပ်တွေမနားရဘဲလုပ်နေတာ ဒီအပတ်မှ အချိန်ပို တစ်ရက်မှ မယူပဲ အေးအေးဆေးဆေး နားဖြစ်တော့တယ်။ နားတော့လည်း သုံးပတ်လောက် မလျှော်ပဲထားတဲ့ အ၀တ်တွေလျှော် စားဖို့ရာ ဟင်းချက် နဲ့ အချိန်ကုန်ရော။ ညနေရောက်တော့ အတန်းရှိလို့ အိမ်က ထွက်လာတယ်။ အဲဒီမှာ ဒီစာရေးဖို့ အကြောင်းပေါ်လာတာပဲ။ ဘာလို့လဲဆိုတော့ ငါတို့အိမ်က ထွက်ပြီး မြို့ထဲကို သွားချင်ရင် အဝေးပြေးလမ်းမတွေထဲက “ဘူးကစ် တီးမား” ဆိုတဲ့နေရာကနေ ထွက်ရတယ်လေ။ ဒီနေ့ အဲဒီ ထွက်ပေါက်က ကားတွေ အများကြီးပိတ်နေလို့ ရှေ့နားကို ဆက်မောင်းပြီး “ကာရင်ဟေး” ဆိုတဲ့ ထွက်ပေါက်က ထွက်လိုက်ရတယ်။ အောချက်လမ်းမကြီးပေါ်က မောင်းလာပြီး ငါသွားချင်တဲ့လမ်းထဲကို ၀င်လိုက်တော့ ကားတွေ ပိတ်နေတာ ဘာလို့လဲဆိုတာ သိလိုက်ရတယ်။ “ထိုင်ပူစန်” ပွဲတော် လှည့်လာတာကို တွေ့လိုက်ရလို့လေ။

“ထိုင်ပူစန်” ဆိုလို့ ။ တရုတ်ပွဲမထင်လိုက်နဲ့ဦး ။ နာမည်ကသာ တရုတ်နဲ့ခပ်ဆင်ဆင်တူတာ တကယ်က ကုလားတွေရဲ့ ပွဲလေ။ သံချောင်းတွေကိုယ်မှာထိုးပြီး “Sri Srinivasa Perumal ဘုရားကျောင်းကနေ Sri Thendayuthapani Temple” ဘုရားကျောင်းကို သွားကြတယ်။ ပရိတ်သတ်တွေကလည်း လမ်းလျှောက်တာပေါ့။ အဲဒါကြောင့်လမ်းတွေ ပိတ်သွားတာပေါ့။

အဲဒါကို လမ်းပေါ်ကနေ မြင်လိုက်တော့ စိတ်ရဲ့ အလျင်က မြန်လိုက်တာ။ မင်းရယ် ငါရယ် စည်သူရယ် မောင်ပွတ်ရယ် လေးယောက်သား Woodland အိမ်ကနေ Marina South က BBQ အကင်ဆိုင်ကို Taxi ငှားပြီး သွားစားကြတာကို သတိရလိုက်တယ်။ Playback တွေပြန်လုပ်တော့ Taxi သမား အဖိုးကြီးက ကားပေါ်တက်လိုက်တာနဲ့ Marina South က အကင် ဟော့ပေါ့ဆိုင်သွားမယ်ဆိုတော့ ငါတို့အိမ်နားက ဟော့ပေါ့ဆိုင်ရှိတဲ့နေရာဘက်ကို လက်ညိုးထိုးပြပြီး “ဒီမှာစားလဲရတာပဲ ဘာလို့ အဲဒီကိုသွားမှာလဲ”လို့ ပြောတယ်။ ငါတို့တွေကလည်း အဲဒီကိုပဲသွားချင်တယ်လို့ပြောတော့ အဖိုးကြီးလဲ ဘာမှမပြောတော့ပဲ ကားကို မောင်းပြီးလိုက်ပို့တယ်။ အဲဒီကတည်းက သူ အသံတိတ်သွားပြီး ငါတို့လေးယောက်သားပဲ စကားပြောနေကြတယ်။ ငါပြောတဲ့ “ဘူးကစ် တီးမား” ထွက်ပေါက်က ထွက်ပြီး Little India ဘက်ကို သွားတဲ့နေရာရောက်တော့ ကားတွေပိတ်နေတာ နာရီဝက် လေးဆယ့်ငါးမိနစ်လောက် စောင့်နေရတော့ ငါတို့တွေလဲ စိတ်မရှည်ဖြစ်ရော။ ကားထဲမှ အသံတွေတိတ်နေတုန်း ကားမောင်းသမားကြီးရဲ့ “ဟက်” ကနဲ ရယ်သံကို ကြားလိုက်ရတယ်။ အဲဒီရယ်သံကို ငါက ဘာသာပြန်တာ “ဒီလောက်တောင် ရှည်ရှည်ဝေးဝေးသွားချင်တဲ့ကောင်တွေ မှတ်ပီလား”။ အဲဒါကို မင်းတို့ကို ပြောပြတော့ အဲဒီအဖိုးကြီးကို မြန်မာလို့ ပွစိပွစိလုပ်လိုက်သေးတယ်။ အဟဲ..သူက နားမလည်လို့ပေါ့ကွာ။ ဆဲတော့ မဆဲဘူးထင်တာပဲ။ ငါတို့တွေ ဒီလောက်ယဉ်ကျေးတာကိုး.. အဲဒါပဲ မင်းကို သတိရတာနဲ့ အခုစာရေးလိုက်တာ။

ရေးပြီဆိုတော့ အများကြီးပဲ ရေးဖို့ရာရှိတယ်။ ရန်ကုန်ပြန်လာတာရော နောက်ပြီး အိန္ဒိယသွားတာရော သင်းသင်းစိုးတို့ စိုးစိုးတို့နဲ့ တွေ့တာရော ကျော်မင်းကိုနဲ့ နီလာထွန်းတို့ ကလေးလေး ရေခဲဆိုတဲ့အကောင် လည်လိုက်တာရော။ မျက်လုံးတွေကြည်လင်ပြီးတက်ကြွတဲ့ မင်းအမေ အန်တီအေး အကြောင်းရော။

အစီအစဉ်အတိုင်း စရေးရမယ်ဆိုရင်တော့ ရန်ကုန်အကြောင်းကို စရေးရမှာပဲ။ ဘာမှ မထူးဘူးလို့ ပြောရမလားပဲ။ ရက် ၂၁ရက် မှာ ၆ရက်ပဲ ရန်ကုန်မှာနေခဲ့တာဆိုတော့ သိပ်မသိဘူး။ ဒစ်ဂျစ်တယ် ဓာတ်ပုံကူးတဲ့ဆိုင်လေးတွေများလာတယ်။ အင်တာနက်ဆိုင်တွေကတော့ ၂၀၀၈ တုန်းက ရောက်ကတည်းက ရှိနေတာဆိုတော့ ပိုများလာတယ်လို့ မဆိုသာပါဘူး။ မြို့ထဲကလမ်းတွေ အနိမ့်အမြင့်မတူတာတော့တွေ့ခဲ့တယ်။ အသစ်ခင်းတဲ့ တစ်ခြမ်းက မြင့်ပြီး လမ်းအဟောင်းက နိမ့်နေတာလေ။ ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက်မှာ မြို့ထဲက ပန်းဆိုးတန်းမှာ လမ်းအလျှောက် သင်းသင်းစိုးကို တွေ့တယ်။ မတွေ့တာ ၁၀နှစ် ၁၁ နှစ်လောက်ရှိပြီ။ လမ်းမမှာ နာရီဝက်လောက် စကားပြောဖြစ်တယ်။ အိန္ဒိယက ပြန်လာတော့ သူရယ် စိုးစိုးရယ် နီလာထွန်းရယ် ကျော်မင်းကိုရယ် တွေ့ဖြစ်ကြတယ်။ ရန်ကင်းစင်တာက feel မှာ။ မင်းနဲ့က နီလာထွန်းမင်္ဂလာဆောင်မှာ တွေ့တယ်လို့ မင်းနဲ့တွေ့တုန်းက ပြောဖြစ်ခဲ့တယ်လေ။

စိုးစိုးက အယင်က စိုးစိုးမဟုတ်တော့ဘူးဟ.. မျက်နှာလေးကတော့ လှပါတယ်။ ထိုင်နေတုန်းကတော့ အော်ငါ့သူငယ်ချင်း အယင်ကဆို မျက်မှန်နဲ့ ပိန်ပိန်သွယ်သွယ်ပေါ့။ အခုတော့ မျက်ကပ်မှန်တပ်ထားတာလာမသိပါဘူး မျက်မှန်မပါဘူး။ မိတ်ကပ်ကလည်း ပြင်လိုက်ဆင်လိုက်ထားတာ မင်းသမီးလားမှတ်ရတယ်။ မျက်နှာလေး လှပါတယ်လို့စိတ်ထဲက ထင်နေတာ ထိုင်နေရာက အထ.. လှလို့ ၀လို့ဆိုတာနဲ့ လိုက်ဖက်သွားတယ်။ ဟ..ဟ.. ဒီကောင် ငါ့ကို ဆဲတော့မှာပဲ..။ သင်းသင်းစိုးလား.. ဒီတစ်ကောင်တော့ ဘာမှ မပြောင်းလဲဘူး။ ရုပ်ကိုပြောပါတယ်။ တခြားဟာတော့ ငါလည်းမသိဘူး။ သူ့အမ က အင်္ဂလန်ကို ရောက်သွားပြီး ညီမကတော့ စင်္ကာပူမှာလို့ပြောတယ်။ အဲ.. မင်းတို့ပြောတဲ့ “ရစ်တာလဲ” မပြောင်းဘူး.. ။

စိုးစိုးက စကော်လာရလို့ အမေရိကို ကားသွားမယ်တဲ့။ သူ့အမေ နှလုံးခွဲလို့ ငါတို့တွေလဲ သူ့အိမ်ကို လိုက်သွားကြတယ်။ သင်းသင်းစိုးက သူ့အမေကို ကြည့်ပေးတာထင်တယ်။ အဲဒီတော့မှ ငါကသိတယ်။ စိုးစိုးက ဆေးထိုးအပ်မကိုင်တော့တာကို ပြောပါတယ်။ အန်တီနဲ့လဲ စကားတွေအများကြီးပြောကြတယ်။ မင်းတို့တွေ ငယ်ငယ်က သူတို့အိမ်သွားတော့ စိုးစိုးကြီးဒေါ်နဲ့တွေ့ပြီး စစ်ဆေးခံရတဲ့အကြောင်းလဲပြောဖြစ်တယ်။ စိုးစိုးတူမလေးကလဲ လည်လိုက်တာ ငါတို့ အပြန်ငါ့ကို တွယ်နေတာနဲ့ အိမ်အောက်ထပ်ထိ ချီလာရတယ်။ နောက်ပြီးမှ သူ့အမေနဲ့ ထည့်လိုက်ရတာ။ အဲဒီကနေပြန်တော့ သင်းသင်းစိုးကားနဲ့ သူ့အိမ်ကို ပြန်လာတယ်။ နီလာထွန်းတို့အိမ်ကို လိုက်သွားတော့ သူတို့ကလေးလေးနဲ့တွေ့တယ်။ အားပါး.. စကားတတ်တာမှ.. မင်းတို့ ငါတို့ကို ရောင်းစားသွားမယ်။ သင်းသင်းစိုး အမေက အိမ်မှာ ကလေးလဲမရှိတော့ သူတို့ကလေးကိုပဲ အရမ်းချစ်တာတဲ့လေ။ စကားကတတ်တာ မုန်းဖို့ကောင်းအောင်တတ်တာမဟုတ်ဘူး.. ချစ်စရာကောင်းအောင်ကို ပြောတတ်နေတာ။ သူတို့က ဂျနရေးရှင်းနဲ့ကို လည်တာလို့ သင်းသင်းစိုးက ပြောတာပဲ။ နီလာထွန်းကို သူ့ကို ချီစေချင်တာကို “မေမေ.. ချီ”လို့ မပြောဘူးတဲ့။ “မေမေ.. လမ်းပေါ်မှာ ကားတွေက တ၀ူးဝူးနဲ့သွားနေတာ အန္တရာယ်များတယ်နော်..သားကို တိုက်မိသွားနိုင်တယ်နော်..သားကို မေမေချီပေးရင် သိပ်ကောင်မှာပဲ” တဲ့..။ ဒါက နီလာထွန်းအပြောမို့ အမေဆိုတော့ ဆိုပြီးငါက ထင်နေတာ တွေ့တော့မှ တကယ့်ကောင်..။

ကြည်ဖြူလင်းကတော့ သုံးမွှာပူးမွေးသတဲ့..။ သူနဲ့ကတော့ မတွေ့ခဲ့ဘူး။ ဇာခြည်စိုးကိုလည်း သတိရသား။ သူရေအာင္ကေတာ့ သေဘာၤေပၚမွာ။ တလောက သူ့ညီမ ၀မ်းကွဲဒီမှာ မင်္ဂလာဆောင်တော့ သူ့ညီ သီဟနဲ့တောင်တွေ့သေးတယ်။ မင်းညီဝမ်းကွဲ ၀ဏ္ဏတော့ ဘယ်ရောက်နေလဲမသိပါဘူး။ အခုတော့ ကျောင်းပြီးလောက်ရောပေါ့။ နန်းထားနဲ့ကတော့ စလုံးချင်းဆိုပေမယ့် မတွေ့ဖြစ်ပါဘူးကွာ။ ဇာတ်လမ်းပေါ်မှာ ဖြတ်လျှောက်လုပ်ရသလို တခါတလေ ပင်နင်ဇွဲလားမှာ တွေ့မိတယ်။

အိန္ဒိယကတော့ ဘုရားဖူးသွားတာ။ ငါ့အဖေအမေရယ် စည်သူ့အဖေအမေရယ် ငါးယောက်ပေါ့။ ဗုဒ္ဓဘာသာက အိန္ဒိယမှာ တော်တော် အဖျက်ဆီးခံသွားရလို့ ပြန်တူးထားတဲ့ အုတ်ပုံတွေကပဲများပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုတွေ ဘာသာစကားတွေ လူမျိုးတွေ ကိုးကွယ်မှုတွေ သိပ်စုံတဲ့နေရာဆိုတော့ ဗဟုသုတတွေအရမ်းရတယ်။ နီပေါကို ရောက်တော့ နီပေါက လုမ္မနီက ဦးသန့်ကျေးဇူးကြောင့်ပြန်လည်တူးဖော်ခဲ့တာတဲ့။ သူက ကမ္ဘာရှေးဟောင်းနေရာဆိုပြီး ပရောဂျက်စပေးခဲ့လို အခုလိုဖြစ်နေတာတဲ့။ နယူးဒေလီမှ ဂန္ဒီရဲ့အိမ်ကို ၀င်တော့ ငါမျက်ရည်ကျတယ်။ ငါတို့က ကုလားတွေလို့ခေါ်တယ်ဆိုတော့ ကုလားလို့ပဲ ပြောတော့မယ်။ ဒီကောင်တွေက လမ်းဘေးမှာ သေးပေါက်ကြတယ်။ တခါတလေ မစင်တောင် စွန့်သေးတယ်။ ဦးတုတ်ပေါကြီး ရုက္ခစိုးလုပ်ပြီး အိန္ဒိယမှာ လွင့်ဖို့ကောင်းတယ်။ မြို့ငယ်လေးတွေမှဆို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဘာမှလာမပြောနဲ့။ ၀ုန်းခနဲဆို တိုက်ပြီ ။ ရဲလည်းမလာဘူး။ အချင်းချင်းနားလည် ညှိပြီး အဆင်ပြေသွားတာပဲ။ မြန်မာပြည်မှာလို ၀ိုင်းအုံပြီး ဆွမ်းကြီးလောင်းတာကို မတွေ့ခဲ့ရဘူး။ အဲဒီမှာ “ဗရမ်းဗတာပြီး တိုးတက်နေတဲ့ လွတ်လွတ်လပ်လပ်ကုလားကြီးနဲ့ စနစ်တကျဖြစ်ပြီး ဖိအားတွေနဲ့ တိုးတက်နေတဲ့ တရုတ်ကြီး” အကြောင်းစဉ်းစားမိတယ်.။ ကုလားတွေအဲဒီလို ညစ်ပတ်တဲ့အကြောင်းကို ဟာသလေးတစ်ပုဒ် ရှိတယ်တဲ့။

အမေရိကန်သမ္မတ ဂျော့ဘုစ်က အိန္ဒိယကို ရောက်တော့ လမ်းဘေးမှာ သေးပေါက်နေတဲ့ ကုလားတွေကို တွေ့တော့ နှာခေါင်းရှုံ့ပြီး မင်းတို့နိုင်ငံသားတွေ ညစ်ပတ်တယ်လို အိန္ဒိယ ၀န်ကြီးချူပ် မန်မိုဟန်ဆင်းကို ပြောသတဲ့။ အဲဒါကို ဆင်းက မှတ်ထားသတဲ့။ ဘာမှလဲ ပြန်ပြောလို့မရဘူးကိုး။ နောက်တစ်လကျတော့ ဆင်းက အမေရိကားကို အလည်အပတ်ရောက်တော့ ဘုစ်က နယူးယောက်မြို့ထဲကို လိုက်ပြသတဲ့လေ။ အဲဒီမှာ လူတစ်ယောက်လမ်းဘေးမှာ သေးပေါက်နေတာကို သူတို့တွေ တွေ့သတဲ့။ ဆင်းက ဘုစ်ကို
“မင်းက ငါတို့ နိုင်ငံကျတော့ ညစ်ပတ်တယ်ပြောတယ် မင်းတို့ နိုင်ငံမှာလဲ လမ်းဘေးမှာ သေးပေါက်တဲ့သူရှိတာပဲမဟုတ်လား”လို့ ခွပ်ရော။ ဘုစ် မျက်နာကြီး နီသွားတယ်( တကယ်က မဲတာ)။ သူ့လက်ထောက်တွေကို အဲဒီသေးပေါက်တဲ့သူကို သွားခေါ်ခိုင်းလိုက်တယ်တဲ့။ သေးပေါက်တဲ့သူက သမ္မတနဲ့ အိန္ဒိယ ၀န်ကြီးချူပ်ရှေ့ကို ရောက်လာတော့ ၀န်ကြီးချူပ်ကို နမာစတေးလို့ နှုတ်ဆက်လိုက်တော့ ဆင်းလဲ သူနိုင်ငံသားတွေ ဘယ်ရောက်ရောက် လမ်းဘေးသေးပေါက်တယ်ဆိုတာသိသွားသတဲ့။ အဟီး.. တနေ့က ငါ ဖုန်းခကို စက်မှာသွားပေးတော့ ကုလားတစ်ကောင် ဘေးမှာလာရပ်နေလို့ ဘာလုပ်မလို့လဲလို့ ငါမေးတော့ သူက စာရွက်အပိုင်းလေး ထုတ်ပြပြီး ငါ ဒဏ်ငွေဆောင်ရမှာ မဆောင်တတ်လို့ ကူညီပေးပါဆိုလို့ ကူညီပေးလိုက်တယ်။ လမ်းဘေးမှာ သေးပေါက်တာ ရဲကားနဲ့တွေ့သွားတာနဲ့ စလုံး ၂၀၀ တပ်ခံလိုက်ရတယ်။ သနားတော့သနားစရာပါကွာ။ သူတို့အလုပ်ခမှ တစ်လ ၄၀၀-၅၀၀ ပေါ့။ ဒါပေမယ့်လဲ ဒီလိုမှပဲ ဒီကောင်တွေ မှတ်မှာ။

အဲလို ညစ်ပတ်တာတွေချည်းပြောလို့ ကုလားပြည်ကို အထင်မသေးလိုက်နဲဦး ဆရာ။ ရေက နေရာတကာမှာ ပေါလိုက်တာ။ လမ်းဘေးတွေမှာ လက်နှိပ်တုံကင်လေးတွေက တခေါ်စာလောက်ဆို တစ်ခုရှိတယ်။ လျှပ်စစ်မီးက နေရာတကာမှာရှိတယ်။ အင်တာနက်သုံးတာ လွယ်တယ်။ ပရိုဂမ်မာဆိုတာတွေများတယ်။ လေယာဉ်အစိတ်အပိုင်းတွေ ထုတ်တယ်။ ကားဆို ပြည်တွင်းထုတ်ကို အသုံးများတယ်။ တာတာလေ သိတယ်မလား။ မကွေးမှာတောင် စက်ရုံဆောက်နေတယ်။ မိုက်ခရိုဆော့ဖ် တို့လို ကုမ္မဏီကြီးတွေရှိတယ်။ ပညာရေးမှာ ဖွင့်ထားတဲ့ စနစ်ကြောင့်မို့ အခြေခံကောင်းတယ်။ အိန္ဒိယရဲ့ တက္ကသိုလ်တွေက ပြီးတဲ့သူဆိုရင် တော်ရုံအထင်မသေးရဲဘူး။ နောက်ပြီး ပညာအခြေခံသူတွေအတွက် အလုပ်အကိုင် အဆင်ပြေအောင် အာမခံချက်ရှိတယ်။ ဟိုတခေါက် စင်္ကာပူမှာ ပထမဆုံးအကြိမ်လုပ်သွားတဲ စာပေဟောပြောပွဲမှာ ဂျူးကပြောတယ်ကွ။ စက်မှုတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားတစ်ယောက်က သူ့ကိုမေးတယ်တဲ့။ သူကျောင်းပြီးအောင်ဆက်တက်ရင်ကောင်းမလား။ ကျောင်းထွက်ပြီး စီးပွားရေးလုပ်ရင်ကောင်းမလားဆိုတာမျိုးပေါ့။ သူဖြေသွားတဲ့အဖြေကို မကြိုက်ပါဘူးကွာ။ သူက သင်ကြားဖို့ကသာ အဓိကပါတဲ့။ အခြားဟာတွေ မတွေးပါနဲ့ ပုံစံမျိုးပြောသွားတာ။ ရွှေတွေငွေတွေ လိုလေသေးမရှိရင်ကတော့ ထားပါတော့လေ။ မဟုတ်ရင် ကုန်ထားတဲ့ ငွေတွေ ရင်းထားတဲ့ငွေတွေလောက်တော့ ပြန်လိုချင်တာသဘာဝပဲလေ။ ပညာအရင်းခံတဲ့ လူမှုအဖွဲ့တစ်ခုက ငါတို့နိုင်ငံမှာ ရောက်ဖို့လိုသေးတယ်။ ဘ၀အတွက် အာမခံချက်မပေးနိုင်တဲ့ ပညာရေးကို အယုံအကြည်မဲ့လာသူတွေများလာရင် မကောင်းဘူး။

တရုတ်ပြည်မှာ တလောက စစ်တုရင် ချန်ပီယံမလေး အကြောင်းဖတ်လိုက်ရလား။ When China wakes, Shake the world . ဆိုတာမျိုး တရုတ်ပြည်က အခုတလော ကြောက်စရာကောင်းလောက်အောင် တိုးတက်လာတယ်။ တိုးတက်တယ်ဆိုတာ စီးပွားရေးကိုတင် ပြောတာမဟုတ်ဘူးနော်။ ပညာရေး၊ အားကစား၊ အနုပညာ။ အခု ငါတွေ့လိုက်ရတဲ့ကောင်မလေးက ကမ္ဘာ့အငယ်ဆုံး စစ်တုရင် ချန်ပီယံတဲ့လေ။ သူ့အဖေအမေက စစ်တုရင်မကစားတတ်ဘူးတဲ။ အသက်၆နှစ်လောက်မှာကတည်းက ကလေးက စစ်တုရင်ရုပ်လေးတွေကို စိတ်ဝင်စားနေတာ တွေ့တာနဲ့ ဆရာခေါ်ပြီး စနစ်တကျသင်ခဲ့တာတဲ့။ အဲဒါကို ပြောတော့ ဆရာဝန်တွေ ပေါတာနဲ့ တိုးတက်တာမဟုတ်ဘူးဆိုတဲ့ စကားကို သတိရမိပြန်တယ်။

နောက်ဆုံးအကြောင်းကတော့ မင်းအမေအကြောင်းပဲ။ စည်သူ့အမေက အေးအေးသန့် ၊ မင်းအမေက အေးအေးသန်း။ ဟုတ်။ ထားပါ။ နာမည်က ဆင်တူနေတယ်။ နောက်ပြီး မင်းအမေနဲ့က အယင်က မတွေ့ဖြစ်ဘူး။ ငါမင်းနဲ့စခင်တဲ့ အချိန်က အန်တီအေးက အိမ်မှာမရှိတဲ့အချိန်လေ။ အခု သူနဲ့တွေ့တော့ မင်းက အိမ်မှ မရှိတဲ့အချိန်။ အိန္ဒိယကို မသွားခင်က မင်းအိမ်ကိုတစ်ခေါက်။ ပြန်လာတော့ မင်းအိမ်ကို တစ်ခေါက် ရောက်တယ်။ မင်းအိမ်ကသူ အားလုံးလိုလိုနဲ့ တွေ့ဖြစ်တယ်။

မင်းအမေကိုတွေ့တော့ မျက်လုံးတွေက ကြည်လင်တောက်ပနေတယ်။ အပြုံးက မျက်နှာပေါ်မှာ အမြဲတမ်းရှိတယ်။ အားမာန်တွေ ခွန်အားတွေကို သူနဲ့ စကားပြောချိန်မှာရတယ်။ နွေးထွေးမှုစေတနာတွေအပြည့်ရှိတယ်။ ကြင်နာမှုတွေလွမ်းခြုံထားတဲ့ နုညံ့မှုတွေရှိတယ်။ ပြည့်ဝတဲ့သဘောထားရှိတယ်။ ယိုင်နဲ့ချင်နေတဲ့ ငါတို့စိတ်တွေကိုတောင် ခိုင်မတ်နိုင်တဲ့ အစွမ်းတွေ မင်းအမေမှာရှိတယ်။ အဲလိုမျက်နှာမျိုးကို ငါတွေ့ရခဲပါတယ်။ ဒါ တတိယမြောက်မိန်းမသားကို တွေ့တာပဲ။ ပထမတစ်ယောက်ကိုတော့ အပြင်မှာ အခြေအနေပေးသိတိုင် ခုထက်ထိမတွေ့ရသေးပါဘူ။ ဒုတိယတစ်ယောက်ကတော့ မင်းသိမှာပါ... မရွှေဇီးကွက်လေ။ ဒီလိုအမေမျိုးကနေ ဒီလိုသားတွေမွေးလာတာ မဆန်းပါဘူးလို့ထင်မိတယ်။

ငါ့ဒီတစ်ခေါက်စာက တော်တော်ရှည်နေပြီ ။ မင်းနဲ့ မတွေ့ရတာ သုံးနှစ်ပြည့် အမှတ်တရပေါ့ကွာ။ မင်းလက်ရာတွေဖတ်ရတယ်။ ကောင်းတယ်။ ဖတ်ချိန် ရတဲ့အတွက် တွေးချိန်ရတဲ့အတွက် ရေးချိန်ရတဲ့အတွက် အရာရာကို အကောင်းမြင်ပြီး ပတ်ဝန်းကျင်ကသူတွေကို ဂရုစိုက်ပါ။ မေတ္တာထားပါ။ ကူညီပါ။ အဓိက ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ကိုယ့်ခန္ဓာက ပြောင်းလဲနေတာကို ဂရုစိုက်ကြည့်ပါ။ တရားရှာကိုယ်မှာတွေ့ဆိုတဲ့ စကားရှိတယ်။ အဲဒီတော့ ပြောင်းလဲနေတဲ့တရားအရ ဘယ်အရာမှ မတည်မြဲဘူး။ အရာရာကို သည်းခံတဲ့စိတ်မွေးပြီး ငါတို့တွေ ကျော်ဖြတ်နိုင်ရမယ်လို့ ယုံကြည်ရင်း...

မင်းရဲ့

သူငယ်ချင်း
အငယ်လေး




Saturday, October 23, 2010

အန္တရာယ်ကင်း မြှားသုံးချက်နည်း

မြှားသုံးချက်နည်း

ဒီရက်ပိုင်းစာရေးမယ်လို့ အတွေးတွေ ရောက်ရောက်လာပြီး စာရေးစာပွဲနဲ့ ကွန်ပြူတာရှေ့မရောက်ဖြစ်တာနဲ့ မရေးဖြစ်ခဲ့ဘူး။ အခုတော့ မနက်စောစော လေးနာရီထိုးတော့ မျက်လုံးကြောင်ပြီး နိုးလာတာနဲ့ စာရေးဖို့ ပြင်ဆင်လိုက်မိတယ်။ စာရေးမယ်ဆိုရင် အခုတလော ရေးစရာတွေက အများကြီးပဲ။ ရွေးကောက်ပွဲအကြောင်း ၊ စင်္ကာပူမှာ မြူတွေဝေတဲ့ အကြောင်း၊ စင်္ကာပူရဲ ပတ်တရောင်နဲ့ တစ်နာရီနီးပါး အစစ်အဆေးခံနေခဲ့ရတဲ့ အကြောင်း၊ အဲ တနေ့က လောလောလတ်လတ် ပြောင်းလဲလိုက်တဲ့ မြန်မာနိုင်ငံတော် အလံနဲ့ သီချင်းအကြောင်း စုံလို့ပါပဲ။ ဒါပေမယ့် အခုတကယ်တမ်းရေးမယ်လို့ ကွန်ပြူတာပေါ်လက်တင်လိုက်တော့ တလောက ဆိုင်ကယ်အက်ဆီဒင့် ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကို စဉ်းစားမိတယ်။ ဒါကြောင့် ကျွန်တော်သိထားတဲ့ မြှားသုံးချက် နည်းလမ်းကို ပြန်လည် မျှဝေဖို့ တွေးမိလိုက်တယ်။

စင်္ကာပူမှာ ယာဉ်မောင်းတဲ့ မြန်မာတွေဟာ တနေ့တခြား တိုးပွားလာပါတယ်။ ကုမ္ပဏီတွေက ပေးတဲ့ကားကို မောင်းကြတဲ့သူတွေရှိသလို ကိုယ်ပိုင်ကားဝယ်စီးတဲ့သူတွေလည်း ရှိပါတယ်။ ဆိုင်ကယ်ကိုတော့ ဈေးသက်သာတဲ့အတွက်ကြောင့် အန္တရာယ်များပေမယ့် ၀ယ်စီးကြတဲ့ မြန်မာတွေ ပိုများလာပါတယ်။ ယာဉ်မောင်းရင် သတိထားရသလို စိတ်မလောဖို့လဲ အရေးကြီးပါတယ်။ အရက်သောက်ထားရင်တော့ လုံးဝမမောင်းတာက အကောင်းဆုံးပါ။ အရက်သောက်ဖြစ်စေနိုင်မယ့် မင်္ဂလာဆောင်တို့ ပါတီပွဲတို့ သွားရင် စီးတော်ယာဉ်ကို မယူသွားတာက အန္တရာယ်ကင်းပါတယ်။ ဒီလိုတွေကြားထဲက စင်္ကာပူမှာ ယာဉ်တိုက်မှုတွေ ရှိနေဆဲပါ။ အံသြဖို့ကောင်းတာက ယာဉ်တိုက်မှုတွေထဲမှာ စင်္ကာပူရဲ့ လမ်းဆုံမီးပွိုင့်တွေမှာ ဖြစ်တဲ့ အက်ဆီးဒင့်က ရာနှုန်းအများဆုံးဖြစ်နေတာပါပဲ။ အရက်လဲမမူးပေမယ့် မီးဝါနဲ့ မီးနီအပြောင်းမှာ အကွေ့ယာဉ်နဲ့ အတည့်ယာဉ်တွေ အက်ဆီးဒင့်ဖြစ်တတ်ပါတယ်။ ဆိုင်ကယ်စီးစီး ကားစီးစီး ဒီမြှားသုံချက်နည်းကို သိထားရင် မီးပွိုင့်တွေမှာ ဖြစ်တဲ့ အက်ဆီးဒင့်ကို ကာကွယ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

နည်းလမ်းက..

စင်္ကာပူမှာရှိတဲ့ လမ်းဆုံမီးပွိုင့်တွေမှာ မီးပွိုင့်မရောက်ခင် မှာ မြှားအဖြူရောင်လေး သုံးချောင်းကို ယာဉ်မောင်းသူတွေရဲ့နေရာကနေ ရှေ့နောက်တန်းစီထားတာကို တွေ့ရတတ်ပါတယ်။ အဲဒီမြှားတွေဟာ လမ်းညွှန်ဖို့အတွက် အတည့် ဘယ်ကွေ့ ညာကွေ့ သင်္ကေတကိုတော့ ယာဉ်မောင်းသူတိုင်း သိမှာပါ။ ပထမလမ်းကြောင်းဖြစ်တဲ့ အမြန်မောင်းလမ်းကြောင်းကို မီးပွိုင့်နားမှာ ယူထားရင် သူက ညာကိုကွေ့တော့မှာဖြစ်တယ်။ ဘယ်ကွေ့သမားဆိုရင်တော့ မီးပွိုင့်ထိသွားစရာမလိုပါဘူး။ ဘယ်ကွေ့လမ်း သတ်သတ်ပေးထားလေ့ရှိပါတယ်။ ကိုယ်က တည့်တည့်သွားမယ့်သူဆိုရင် ကိုယ်နဲ့ မျက်နှာချင်းဆိုင်က လာတဲ့ ညာကွေ့ကားဟာ မီးဝါကနေ မီးနီအပြောင်းမှာ ကွေ့မှာပါ။ အဲဒီတော့ မီဝါဖြတ်လို့ အရှိန်မထိန်းနိုင်ရင် တိုက်နိုင်ပါတယ်။ မီးဝါ ဖြတ်သင့်မသင့်ကို များသောအားဖြင့် ယာဉ်မောင်းသူတွေ တွေဝေတတ်ပါတယ်။ အဲဒီမှာ မြှားသုံးချက်နည်းကို သုံးပါ။

ပထမမြှားကို ကိုယ်ရောက်တဲ့အချိန်မှာ မီးဝါရင်တော့ အေးအေးဆေးဆေးပါ။ အရှိန်ထိန်းပြီး ရပ်လိုက်ရုံပါပဲ။ ဒုတိယမြှားကို မရောက်ခင် မီးဝါရင် ဖြတ်ဖို့ မကြိုးစားပါနဲ့တော့ အန္တရာယ်များပါတယ်။ အရှိန်ပါတဲ့ယာဉ်ကို ရပ်ဖို့ ရှေ့မီးပွိုင့်နဲ့ ကပ်ရပ် နောက်ဆုံးတတိယမြှားက ကားတစ်စီးစာလောက် ပေးထားတဲ့အတွက် ဘရိတ်ဆွဲဖို့လုံလောက်ပါတယ်။ နောက်တစ်ချက်ကတော့ ဒုတိယမြှားကိုကျော်ပြီး မီးဝါရင်တော့ ကြိုးစားပြီး အရှိန်နည်းနည်းတင်ပြီး မီပွိုင့်ကို ဖြတ်ပါ။ နောက်ဆုံးတစ်ချက်က တတိယမြှားကိုရောက်လို့ မီးဝါရင်ကတော့ ပုံမှန်အတိုင်း ဖြတ်သွားပါ။

အကောင်းဆုံးကတော့ သတိထားပြီး အရှိန် မများတာပါ။ အန္တရာယ်အကင်းဆုံးပါ။ ကိုယ့်ယာဉ်ကို မမှားအောင် သတိထားဂရုစိုက်သလို သူများမှားမယ့် လမ်းကြောင်းကို ပါ ကြိုပြီး ဂရုစိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲလို ဂရုစိုက်နိုင်ဖို့က အစောကရေးခဲ့သလို အရှိန်မများတာ အကောင်းဆုံးပါ။ အရင် အစမ်းသုံးကြည့်ပါ။ လက်တွေ့စမ်းကြည့်ပါ ။ ကိုယ်နဲ့ အဆင်ပြေမယ်ထင်သလို ညှိယူကြည့်ပါ။ “သင်ချစ်တဲ့သူတွေအတွက် အိမ်ကိုပြန်ရောက်ဖို့ အရှိန်မလွန်ပဲ ဂရုစိုက်မောင်းကြပါ” လို့ သတိပေးရင်း ကျွန်တောသိထားတာလေးကို မျှဝေလိုက်ပါတယ်။

ကိုငယ်(မန္တလေး)